သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ်ဒဏ်ခတ်မှုတွေ လတ်တလော ရုပ်သိမ်းဦးမည်မဟုတ်


အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဒဲရက်ခ်မစ်ချဲလ် ရှေ့သီတင်းပတ်ထဲ မြန်မာနိုင်ငံကိုသွားရောက်ပြီး ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုအစီအစဉ်တွေကို ဆွေးနွေးဖို့ ရှိနေပါတယ်။

မတ်လ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ခရီးစဉ်အတွင်း မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး ဧပြီလ ၁ ရက်နေ့ကျင်းပမယ့် လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲ အစီအစဉ်တွေအပါအဝင် မြန်မာနိုင်ငံက နောက်ဆုံးအခြေအနေတွေကို ဆွေးနွေးမယ့်အကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်အစိုးရတာဝန်ရှိသူတွေက ရှေ့လကျင်းပမယ့်ရွေးကောက်ပွဲတွေဟာ မြန်မာနိုင်ငံအပေါ် အမေရိကန်က ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေကို ရုပ်သိမ်းသင့်မသင့် စဉ်းစားရာမှာ အခရာကျမယ်လို့လည်း အစောပိုင်းမှာ ပြောဆိုထားတာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုမရှိဘူးဆိုပြီး အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန်က လတ်တလော ဒဏ်ခတ်မှုတွေကိုတော့ ဖယ်ရှားအုံးမှာမဟုတ်ဘူးလို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဗစ်တိုရီယားနျူလန်က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်တာ၊ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ အင်အားစုတွေ ပါဝင်ခွင့်ရလာတာလို အခြေအနေမျိုးတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ကတော့ ဒဏ်ခတ်မှုတွေလျှော့ပေါ့တဲ့ အစီအစဉ်တစိတ်တပိုင်းအဖြစ် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို နည်းပညာအကူအညီတွေပေးတာကို ခွင့်ပြုတဲ့အကြောင်း ပြီးခဲ့တဲ့လထဲမှာပဲ ကြေညာခဲ့တာပါ။

အမေရိကန်အထူးကိုယ်စားလှယ် မစ်ချဲလ်ရဲ့ခရီးစဉ်အတွင်း ရန်ကုန်နဲ့မန္တလေးမြို့တွေကိုလည်း သွားရောက်ပြီး လူမှုအသိုင်းအဝိုင်းနဲ့သက်ဆိုင်ရာ ပုဂ္ဂိုလ်အများအပြားကိုလည်း တွေ့ဆုံဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG