သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးတိုက်ဖျက်ရေးတာဝန် မြန်မာပျက်ကွက်

မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ လိုက်နာရမယ့် တာဝန်တွေကို ဆောင်ရွက်ဖို့ ပျက်ကွက် ခဲ့တဲ့ နိုင်ငံ ၃ နိုင်ငံ ထဲမှာ ပါဝင်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဌာနက နောက်ဆုံးထုတ်ပြန်တဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်မှု မဟာဗျူဟာအစီရင်ခံစာ International Narcotics Control Strategy Report (INCS) ကဖော်ပြလိုက်ပါတယ်။

အမေရိကန်အထက်လွှတ်တော်ကို တင်ပြတဲ့၂ဝ၁၂ ခုနှစ် မတ်လ ၇ ရက်နေ့စွဲနဲ့ အစီရင်ခံစာက အပိုင်း နှစ်ပိုင်းပါဝင်ပြီး ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာ သဘောတူညီချက်မှာပါတဲ့ နိုင်ငံတကာ လိုက်နာရမယ့် တာဝန်တွေကို လိုက်နာဆောင်ရွက်မှု ရှိမရှိ အကဲဖြတ်လေ့လာတဲ့ စာတမ်းဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ ဓာတု ပစ္စည်း ထိန်းချုပ်မှုအပိုင်းမှာ နိုင်ငံပေါင်း ၁၁၅ နိုင်ငံကို အကဲဖြတ်ထားပါတယ်။

ဒုတိယပိုင်းမှာတော့ တရားမဝင် ငွေလွှဲပြောင်းမှုနဲ့ ဘဏ္ဏာရေး ပြစ်မှုတွေကို ဖော်ပြထားပြီး တရားမဝင် ငွေလွှဲမှုဆိုင်ရာ အဓိကကျတဲ့ နိုင်ငံပေါင်း ၆၆ နိုင်ငံကို လေ့လာသုံးသပ် ထားပါတယ်။ ဒီအစီရင်ခံစာ အရ မြန်မာနိုင်ငံဟာ ခုထက်ထိ ကမ္ဘာမှာ ဘိန်းအဓိကထုတ်လုပ်နေတဲ့နိုင်ငံတခုဖြစ်ပြီး အာဖဂန် နစ္စတန် နိုင်ငံပြီးရင် ဘိန်းဖြူပမာဏ အများဆုံး ထုတ်လုပ်တင်ပို့ရောင်းချတဲ့ နိုင်ငံတခုလည်း ဖြစ်နေပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ၁၉၉၆ ခုနှစ်ကစလို့ ဒေသထဲမှာ ATS ခေါ် Amphetamine Type Stimulants ခေါ် အင်ဖက်တမင်းအမျိုးအစား စိတ်ကြွဆေးပြား အဓိကဖြန့်ဖြူးတဲ့ နိုင်ငံတခု ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ် INCS အစီရင်ခံစာ ထုတ်ပြီးကတည်းက မြန်မာအစိုးရအနေနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် ပိုပြီး ပွင့်လင်းမြင်သာတဲ့ ကြိုးပမ်းအားထုတ်မှုတွေ လုပ်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစိတ်တပိုင်းအဖြစ် အမေရိကန်အစိုးရနဲ့လည်း ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ ခိုင်မာတဲ့ စိတ်အားထက်သန်မှုတွေ ဖော်ပြခဲ့ပါတယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။

ဒါပေမယ့် မြန်မာအစိုးရအနေနဲ့ အဂတိလိုက်စားမှု တရားဝင်ဖော်ထုတ်ရေးနဲ့ လက်ရှိ ကျင့်သုံးနေတဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးဆိုင်ရာ ဥပဒေ စိုးမိုးမှုရှိရေးတို့အတွက် ပိုပြီး ပြည့်စုံတဲ့ ရင်းမြစ် ပစ္စည်းအားတွေ သုံးပြီး အားစိုက်လုပ်ဆောင်ရလိမ့်မယ်လို့ အစီရင်ခံစာက တိုက်တွန်းပါတယ်။

This item is part of
XS
SM
MD
LG