သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလစာနာမှုအကြီးအကဲ ဆီးရီးယား အကြမ်းဖက်ဒေသရောက်


ဆီးရီးယားနိုင်ငံက သူပုန်တွေထိန်းချုပ်ခဲ့ရာ ဘာဘာအမာ (Baba Amr) အရပ်ကို ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံးအကြီးအကဲ Valerie Amos ဗုဒ္ဓဟူးနေ့မှာရောက်သွားတဲ့အကြောင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC က ပြောပါတယ်။ အစိုးရက တလနီးပါးကြာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် သူပုန်တွေထွက်ပြေးပြီး တပတ်အကြာမှာ ကုလသမဂ္ဂထိပ်တန်းအရာရှိ ရောက်သွားတာပါ။

Homs မြို့ရဲ့ အချက်အချာဒေသကို ကုလသမဂ္ဂအရာရှိ ၄၅ မိနစ်ကြာ သွားရောက်အကဲခတ်ရာမှာတော့ ဆီးရီးယား၊ အာရပ် လခြမ်းနီအဖွဲ့ပါ လိုက်ပါသွားခဲ့ကြောင်းလည်း ICRC ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။

ဘာဘာအာမာအရပ်က ဒေသခံအများအပြားဟာ မကြာသေးခင်ရက်တွေအတွင်း အစားအစာနဲ့ ဆေးဝါးတွေဝေငှပေးနေတဲ့ အရေးပေါ်အကူအညီပေးရေး လုပ်သားတွေရှိရာ အနီးအနားအရပ်တွေကို ပြောင်းရွှေ့ကုန်ကြတာတွေကိုလည်း လခြမ်းနီအဖွဲ့က တွေ့ရှိခဲ့ရတဲ့အကြောင်း ပြောခွင့်ရသူက ဆိုပါတယ်။

ဖေဖော်ဝါရီလဆန်းပိုင်းကစလို့ ဘာဘာအာမာအရပ်ကို အစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ချိန်ကစလို့ ပထမဆုံးအကြိမ် ပြည်ပက တာဝန်ရှိသူတွေကို ဝင်ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအတောအတွင်း တရုတ်နိုင်ငံရဲ့ ဆီးရီးယားနိုင်ငံဆိုင်ရာ သံတမန်ဟောင်း လီဝှာရှင်းဟာလည်း သွေးထွက်သံယို အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်ဆိုင်းဖို့နဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ အစိုးရကို ဖိအားပေးနိုင်ရေးရည်ရွယ်ပြီး ဆီးရီးယားနိုင်ငံကို ရောက်ရှိလာပါတယ်။

XS
SM
MD
LG