သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု စည်းရုံးရေးခရီး လုံခြုံမှုအတွက် အာဏာပိုင်တွေနဲ့ ညှိနှိုင်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မနက်ဖြန် မွန်ပြည်နယ်ကို သွားရောက်မယ့် စည်းရုံးရေးခရီးစဉ်မှာ လုံခြုံရေးနဲ့ ပတ်သက်ပြီး အရင်လို အခြေအနေမျိုး မဖြစ်အောင် အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားတယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူတဦးက ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ မန္တလေး-နေပြည်တော် စည်းရုံးရေးခရီးစဉ်အပြန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်း - ခဲနဲ့ပစ်ပေါက်ခံခဲ့ရတာပါ။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွန်ပြည်နယ် စည်းရုံးရေးခရီးစဉ် ပြင်ဆင်ချက်တွေကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ရာ ရက်ပိုင်းသာ လိုတော့တဲ့အချိန် - NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နိုင်ငံတဝှမ်း မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေကို တောက်လျှောက် ပြုလုပ်နေတာမှာ မနက်ဖြန် မတ်လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာတော့ မွန်ပြည်နယ်ကို သွားရောက်မှာဖြစ်ပါတယ်။ မနက် ၈ နာရီမှာ တက္ကသိုလ်ရိပ်သာလမ်း သူမရဲ့ နေအိမ် ကနေ ယာဉ်တန်းက စတင်ထွက်ခွာမှာပါ။ ဒီခရီးစဉ်မှာ ပြီးခဲ့တဲ့တခေါက် မန္တလေး-နေပြည်တော် ခရီးစဉ်အပြန်လမ်းမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ယာဉ်တန်း ခဲနဲ့ပစ်ပေါက်ခံရတာမျိုးလို ပြဿနာမျိုးတွေ မကြုံရလေအောင် ဒီကနေ့မှာပဲ အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်မှု တွေ လုပ်ဆောင်ခဲ့တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးခွန်သာမြင့်က ပြောပါတယ်။

“အုပ်ချုပ်တဲ့ အစိုးရပိုင်းကပေါ့ - အဲ့လိုဖြစ်လိမ့်မယ်တော့ မထင်ဘူးပေါ့ အခုဟာကတော့ ကျနော်တို့ သိရသလောက်ပေါ့။ အဖွဲ့အစည်းတခုခု ကနေ တမင်ရည်ရွယ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကား ပစ်လိုက်မယ်ဟေ့လို့ မဟုတ်ဘဲနဲ့ လမ်းဘေးက လက်ဆော့ပြီးတော့ ကောက်ပစ်တဲ့ဟာမျိုး ဖြစ်ဖို့က ၉၀ ရာခိုင်နှုန်းရှိပါတယ်။ နောက်ဆုံးတော့ ဒီလူတွေက အုပ်ချုပ်တဲ့သူတွေဖြစ်နေတော့ တကမ္ဘာလုံးက ဝိုင်းပြောကြမှာပေါ့လေ။ အဲ့တော့ သူတို့က အများကြီး- ဒီနေ့ပဲ အဲ့ဒါကို သွားပြီးတော့ ညှိနှိုင်းပါတယ်။ ကျန်တဲ့ခရီးစဉ်တွေအတွက် သူတို့ လုပ်ဆောင်ပေးမယ့်ဟာတွေ၊ သူတို့ ကြိုတင်ပြင်ဆင်ပေးမယ့်ဟာတွေပေ့ါ။”

ဒါ့အပြင် မော်လမြိုင်ကို သွားရောက်မယ့် ခရီးစဉ်တလျှောက် မြို့ရွာတွေက လူထုတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က နှုက်ဆက်သွားမှာ ဖြစ်ပြီး - မော်လမြိုင် မြို့ခံလူထုကို ပြောကြားမယ့် မိန့်ခွန်းအတွက် နေရာကတော့ အရင်စီစဉ်ထားတဲ့အတိုင်း ခွင့်ပြုချက်မရခဲ့ဘဲ မြို့ပြင်မှာ ဖြစ်တဲ့အတွက် တက်ရောက်နိုင်တဲ့ ပြည်သူလူထု အင်အားကတော့ နည်းသွားနိုင်ချေရှိတယ်လို့ ဦးခွန်သာမြင့်က ပြောပါတယ်။

“ဟိုမှာ စီစဉ်ထားတာတွေ တော်တော်အဆင်ပြေပါတယ်။ မနက်ဖြန်မနက် ၈ နာရီ ထွက်ပါတယ်။ ထွက်ပြီးတော့ လမ်းမှာတော့ မြို့တွေ ဖြတ်ရမှာပေါ့။ ခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ မွန်ပြည်နယ် ခရီးစဉ်ဆိုပေမဲ့ မော်လမြိုင်မြို့နယ်က ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဌေးကြွယ်အတွက်ကို သွားတာပါ။ မွန်ပြည်နယ်ကိုရောက်တာလည်း ပြည်နယ်နဲ့ပတ်သက်တဲ့စကားတွေ၊ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့စကားတွေကိုလည်း ပြောဖို့ရှိပါတယ်။ အခက်အခဲရှိတယ်ဆိုတာကတော့ ပထမပိုင်းမှာက မြို့ထဲမှာရှိတဲ့ လွတ်လပ်ရေးကွင်းကို တောင်းတာပေါ့။ တောင်းတော့ မရဘူးပေါ့။ ပေးလိုက်တာကတော့ မော်လမြိုင်မြို့နဲ့ ၆ မိုင်ဝေးပါတယ်။ ၆ မိုင် သွားရမယ်ပေါ့လေ။ နောက် တခုကတော့ ကွင်းက အဲ့လောက်ဝေးတော့ကျတော့ ပရိသတ်ကြားဖြတ်သွားလို့ရှိရင် ပရိသတ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် တွေ့လိုက်ရတယ်။ လက်ပြလိုက်ရတယ်။ အော်ဟစ်ပြီး နှုတ်ဆက်လိုက်ရတယ်။ ပန်းစည်းပေးလိုက်ရတယ်ဆိုရင်ကို ကျေနပ်သွားကြ တာပါပဲ။ ပြောမယ့် မိန့်ခွန်းကို နားထောင်ဖို့ တက်ရောက်နိုင်မယ့်သူကတော့ နည်းသွားတာပေါ့”

NLD ပြောခွင့်ရပုဂ္ဂိိုလ် ဦးခွန်သာမြင့် ဖြစ်ပါတယ်ရှင်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲရဲ့ လစ်လပ် နေရာ ၄၈ နေရာစလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားခဲ့ပေမဲ့ - စစ်ကိုင်းတိုင်း အင်းတော်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ဦးစောလှိုင်ကိုတော့ ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်ထားတာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG