သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ရုပ်သံကလွှင့်မယ့်မိန့်ခွန်း ဆင်ဆာဖြတ်ခံရ


လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့် အနေနဲ့ နိုင်ငံပိုင် အသံလွှင့်ဌာနတွေကနေ တပါတီချင်းအလိုက် မိန့်ခွန်းတိုပြောကြားခွင့် ပြုထားတာမှာ မကြာသေးခင်ကတော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းထဲက တချို့အကြောင်း အရာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေကနေ ဖြတ်တောက်ခဲ့ပါတယ်။ မိန့်ခွန်းပြောကြားမယ့်ရက်မတိုင်ခင် - ရွေးကောက်ပွဲကော်မရှင်ထံ ကြိုတင်တင်သွင်းရတဲ့ မူကြမ်းကနေ အခုလို ဖြတ်တောက်ခံခဲ့ရတာပါ။ ဘယ်အချက်ကို လက်မခံခဲ့တာလဲဆိုတာကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ဧပြီလ ၁ ရက် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေကို နိုင်ငံပိုင် ရေဒီယို - ရုပ်မြင်သံကြားတွေကနေ မဲဆွယ် စည်းရုံးရေး မိန့်ခွန်းပြောကြားခွင့် ရရှိထားတာမှာ - မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းပါ အကြောင်းအရာတချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်မခံခဲ့တာပါ။ လာမယ့် ၁၂ ရက်နေ့ နေပြည်တော် တပ်ကုန်းမှာ ကြိုပြီး ရိုက်ကူးမယ့် ၁၅ မိနစ်စာ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် အထဲက ဥပဒေစိုးမိုးရေးနဲ့ဆိုင်တဲ့ အပိုဒ်တပိုဒ်ကို ပြင်ဆင်ခိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းကို မေးကြည့်တော့ -

“ကျနော်တို့ မဲဆွယ်စည်းရုံးဟောပြောပွဲ တယ်လီဗေးရှင်းဟောပြောပွဲအတွက် ဟောပြောမယ့်ဟာကို ပြည်ထောင်စုကော်မရှင်ကို တင်ရပါ တယ်။ ပြီးခဲ့တဲ့တပတ်ကပဲ ကျနော်တို့ တင်ခဲ့ပါတယ်။ စာပိုဒ်တပိုဒ်ကို ဖြုတ်ခိုင်းပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းလေး ရေးထားတဲ့ စာပိုဒ်ပါ။ အဲ့ဒီဖြုတ်ခိုင်းတဲ့အပိုဒ်ကို ကျနော်တို့ အစားထိုး ထပ်တင်တယ်။ အချိန်ကနည်းတော့ ကျနော်တို့ဘက်ကလည်း Fax နဲ့ပို့တယ်။ သူတို့ဘက်ကလည်း Fax နဲ့ ပြန်လာတယ်။ အဲ့ဒါ အခု အဆင်ပြေသွားပါပြီ။ Pass ဖြစ်သွားပါပြီ။”

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ အလားတူပဲ - ဒီမိုကရက်တစ် ပါတီ မြန်မာအဖွဲ့က ဦးသုဝေရဲ့ ရုပ်သံနဲ့ ရေဒီယိုတွေမှာ ပြောကြားဖို့ ရေးသားထားတဲ့မူကြမ်းထဲက ပါတီမူဝါဒဆိုင်ရာ ဆောင်းပါးနှစ်ခုစလုံးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးစံနစ်တွေကို အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ယှဉ်ပြီး သုံးသပ်ပြထားတာတွေ ပြောခွင့်မပြုခဲ့တာကြောင့် ဒီအချက်တွေချန်ပြီး ပြောခဲ့ရတယ်လို့ ဦးသုဝေက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ဒီ ကြားဖြတ်ရွေးကောက်ပွဲအတွက် မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေမှာလည်း အဟန့် အတား အကန့်အသတ်တွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ - ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေမှာ မမှန်မကန် လုပ်ဆောင်တာတွေ တွေ့ရသလို - အထူးသဖြင့် - မဲဆန္ဒရှင်စာရင်းတွေထဲမှာ ကွယ်လွန်ပြီးသား လူတွေရဲ့ နာမည်တွေ ပါဝင်နေတယ်လို့ ကြာသာပတေးနေ့က သူမရဲ့ တက္ကသိုလ်ရိပ်သာ လမ်း နေအိမ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းကတော့ - မဲစာရင်းကွာဟမှုတွေကို သက်ဆိုင်ရာကော်မရှင်ထံ အချိန်မီ အကြောင်းကြားပေးနေပြီး - ကော်မရှင်တွေ ဘက်ကလည်း ဥပဒေအရ လုပ်ပိုင်ခွင့်ထဲကနေ ပြင်ဆင်မှုတွေ လုပ်ပေးနေကြောင်း ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကရော အာဆီယံကပါ - ဒီကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ သက်ဆိုင်ရာ တာဝန်ရှိသူ အစိုးရခေါင်းဆောင်တွေကို ထပ်ခါတလဲလဲ ပြောဆိုနေတာပါ။ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန်အပါအဝင် အနောက်အင်အားကြီး နိုင်ငံတွေကလည်း ဒီဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေး - မရုပ်သိမ်းရေးကိစ္စကို ကြားဖြတ် ရွေးကောက်ပွဲ အခြေအနေအပေါ် မူတည်ပြီးတော့မှ ဆုံးဖြတ်မယ်လို့ ပြောဆိုထားတာပါ။ ဒါ့အပြင် အာဆီယံကလည်း - ဒီကြားဖြတ် ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာရေး အကဲခတ်အဖွဲ့တွေနဲ့ နိုင်ငံခြားသတင်းထောက်တွေ လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးဖို့ အစိုးရကို တောင်းဆိုထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG