သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD စည်းရုံးရေး ဥပဒေချိုးဖောက်ဟု ရန်ကုန်တိုင်း ကော်မရှင်ဝေဖန်


NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီစည်းရုံးရေးနဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေ မှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေ ရှိတယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် က ပြောပါတယ်။ ဒါပေမယ့် NLD ပါတီဘက်ကတော့ ပါတီလှုပ်ရှားမှုတွေဟာ ဥပဒေဘောင် အတွင်းကသာ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။ ဒီအခြေအနေတွေကိုတော့ မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲတွေ အတွက် နိုင်ငံရေးပါတကြီးတွေ မဲဆွယ်စည်းရုံးရာမှာ ဥပဒေနဲ့ မကိုက်ညီတဲ့ လှုပ်ရှားမှုတွေ ရှိတာကြောင့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အတော်သတိကြီးကြီးထားပြီး လုပ်ငန်းတွေ လုပ်ရတယ်လို့ ရန်ကုန်တိုင်း၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူးကြီး ဦးကိုကို က VOA မြန်မာပိုင်းကို အခုလို စပြောပါတယ်။

“ကျနော်တို့ကြုံရတဲ့ အခက်အခဲကတော့ နိုင်ငံရေးပါတီတွေက နိုင်ချင်လွန်းအားကြီးပြီးတော့ သူတို့ မဲဆွယ် တဲ့နေရာတွေမှာ တော်တော်လေး ပြင်းပြင်းထန်ထန်ကို မဲဆွယ်လှုပ်ရှားကြတယ်လေ၊ အဲဒီလို လှုပ်ရှားတဲ့ အခါမှာ ကျနော်တို့အနေနဲ့ အင်မတန် သတိကြီးစွာထားပြီးတော့ ဆောင်ရွက်ရပါတယ်။ တချို့က ကျနော် တို့ကော်မရှင်ကို လာပြီးတော့ မတင်ပြဘဲနဲ့ အပြင်မှာပဲ ပြောနေ ဆိုနေပြီး လုပ်တဲ့ အခါကျတော့ တချို့ ဟာလေးတွေက မှားယွင်းသလိုလေးတွေ ဖြစ်ကုန်တာပေါ့။ ကျနော်တို့ကို တိတိကျကျလာပြီး ဆက်သွယ် တင်ပြတာမျိုး လုပ်ဖို့ ကောင်းတယ်လေ ”

မေး။ ။ အခု နိုင်ငံရေးပါတီကြီးတခုအနေနဲ့ လစ်လပ်နေရာအပြည့် ဝင်ပြိုင်မယ့် NLDပါတီက အခု ပြောသလို ဥပဒေချိုးဖောက်မှုတွေ ရှိတယ်လို့ ပြောချင်တာလားရှင့်။

“ရှိပါတယ်။ သူတို့ဘက်ကလည်း ရှိတယ်။”

မေး။ ။ ဆိုတော့ NLD အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်က ချမှတ်ထားတဲ့ ဥပဒေနဲ့ ဆန့်ကျင်ပြီး လုပ်နေတယ်ဆိုရင် ဗိုလ်မှူးအနေနဲ့ ဘယ်လိုအချက်တွေကိုထောက်ပြချင်ပါလဲ။

“ဘယ်လိုအချက်တွေပြောရမလဲ။ တခုပဲ ကျနော်ပြောမယ်။ မဲဆွယ်စည်းရုံးတဲ့နေရာတွေမှာ ပါတီ အတွက် မဲဆွယ်စည်းရုံးတာမျိုးနဲ့ အောင်နိုင်ရေးအတွက်၊ ကိုယ်စားလှယ်အတွက် မဲဆွယ်စည်းရုံးတာနဲ့ ဒါတွေ ရောထွေး ပြီးတော့ သူတို့ လုပ်နေကြပါတယ်။ ပါတီအတွက် မဲဆွယ်စည်းရုးတယ် ဆိုရင် ကြေညာချက် အမှတ် (၂/၂၀၁၀) နဲ့ လုပ်ရပါတယ်။ နောက် ကိုယ်စားလှယ်လောင်းက သူ့အတွက် မဲဆွယ်တယ်၊ အောင်နိုင်မှု အတွက် စည်းရုံး မဲဆွယ်တယ်ဆိုရင် (၉၁/၂၀၁၀) နဲ့ ကိုက်ညီအောင် လုပ်ရပါ တယ်။ အခုလို ရောထွေးပြီး လုပ်နေတဲ့သဘောလေးတွေ ရှိပါတယ်။”

မေး ။ မနေ့က မတ်လ ၈ ရက်နေ့က နေပြည်တော်မှာ လုပ်တဲ့ရွေးကောက်ပွဲ အတွက် ဆွေးနွေးပွဲ မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဋ္ဌဦးတင်အေးက ကြားဖြတ်ရွေးကောက်ပွဲမှာ မြန်မာပြည် အခြေစိုက် သံရုံးကအရာရှိတွေ၊ ကုလသမဂ္ဂ ရုံးက တာဝန်ရှိသူတွေကို လေ့လာခွင့်ပေးမယ် ပြောတော့ အများတောင်းဆိုနေတဲ့ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေကိုတော့ ခွင့်မပြုဘူး ဆိုတဲ့ သဘောလာူးရှင့်။ ဗိုလ်မှူးတို့ ဘာများ သိထားတာ ရှိပါလဲ။

“အဲဒါတွေကတော့ ကျနော်တို့ ဘာမှ မသိရသေးပါဘူး။ သံတမန်ကိစ္စတွေကတော့ ဖြစ်လာနိုင်ပါတယ်”

မေး။ ။ ရန်ကုန်တိုင်းအပါအဝင် တခြားနယ်မြို့ တော်တော်များများမှာ မဲပေးကြမယ့် မဲဆန္ဒရှင်တွေရဲ့ စာရင်း အတော်မှားယွင်းနေတယ်လို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။ NLD က ပြင်ဆင်ဖို့ ရက်လည်း ထပ်တောင်းထားပါတယ်။ ဒီနောက်ဆုံးအခြေအနေတွေအပေါ်မှာ ရန်ကုန်တိုင်းအတွင်းက နောက်ဆုံး အခြေအနေကို သိချင်ပါတယ်ရှင့်။

“ရက်ထပ်တိုးပေးဖို့ အစီအစဉ်မရှိဘူး။ ကျနော်တို့ ဥပဒေအရ သတ်မှတ်ပေးထားတဲ့ရက် အတိုင်းပဲ ဖြစ်နေမယ်။ အချိန်လည်း ကျနော်တို့ တပတ်ပေးထားပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ အဲဒီ တပတ်အတွင်းမှာ တရားဝင်လာပြီးပြောလို့ ထပ် တိုးပေးလိုက်တဲ့ရက်တွေလည်း အများကြီး ရှိပါတယ်။”

မေး။ ။ ဒီတော့ ဗိုလ်မှူးပြောတဲ့သဘောက ရက်ပြည့်သွားပြီဖြစ်တဲ့အတွက် မဲစာရင်းမှားနေ တာ တွေကို ပြင်ဆင်ခွင့်မပေး တော့ဘူးဆိုတဲ့ သဘောလားရှင့်။

“အဲလိုတော့ မဟုတ်ဘူးဗျ။ နည်းဥပဒေ (၁၄/က) နဲ့ အကျုံးမဝင်လို့ရှိရင်တော့ ခရိုင်အဆင့် ကနေ ပြန် စဉ်းစားပေးပါတယ်”

ဒါကတော့ ရန်ကုန်တိုင်းရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူးကြီး ဦးကိုကို-ကို ဆက်သွယ် မေးမြန်းခဲ့တာပါ။

NLD ပါတီဘက်တော့ ပါတီစည်းရုံးရေးနဲ့ ရွေးကောက်ပွဲ စည်ရုံးရေးတွေကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ အတွင်းသာ ဆောင်ရွက်နေတယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တဦးလည်းဖြစ် ၊ ရွေးကောက်ပွဲအောင်နိုင်ရေးတာဝန်ခံ ဦးဉာဏ်ဝင်းက တုံ့ပြန်ပါတယ်။

“မဲဆွယ်စည်းရုံးရေးဆိုတာ ဘာလဲ။ ပါတီစည်းရုံးရေးဆိုတာဘာလဲဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကျနော်တို့ ဥပဒေတွေမှာ မတွေ့ပါဘူး။ အဲဒီတော့ ပါတီတရပ်က သူ့ပါတီအတွက် စည်းရုံးရင် မဲဆွယ် စည်းရုံးရေးလည်း ပါတာပဲ။ ကျနော်တို့က အဲသလိုနားလည်တယ်။ ကျနော်တို့အမြင်နဲ့သူတို့အမြင် အနည်းငယ်ကွဲလွဲတယ်။ ကျနော်အပြစ်ပြောတာမဟုတ်ပါဘူး။ အခြေအနေကို ပြောတာပါ။

ဒုတိယတချက်က ကျနော်တို့ပါတီက ဆောင်ရွက်တဲ့ဟာတွေဟာ ညှိနှိုင်းမှုမရှိဘူးလို့ ဒါမှ မဟုတ်ရင် အတည်ပြုချက်မရှိဘဲနဲ့လုပ်တယ်လို့ အဲသလို သဘောမျိုးလည်း ကျနော်တို့ကြားပါတယ်။ ဒါနဲ့ ပတ်သက် ရင်တော့ ကျနော်တို့က ဘာနဲ့ပတ်သက်ပြီးပြောတာလဲ။ ကျနော်တို့ ဘာ ပြုပြင်ရမလဲ၊ သိဖို့ လိုပါတယ်။ ကျနော်တို့သိလို့ရှိရင် တရားမျှတသော၊ ဥပဒေနဲ့ညီညွတ်သော ဟာကို ပြင်ဖို့အဆင်သင့် ပါပဲ လို့ ပြောချင်ပါတယ်။”

NLD ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးတာဝန်ခံ ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းထားတာပါ။ ကြားဖြတ် ရွေးကောက်ပွဲမှာ မဲရုံတွေမှာ မဲပေးတာတွေကို သတင်းသမားတွေ ဘယ်လို သတင်းယူခွင့် ရှိမယ်၊ မြန်မာပြည်အခြေစိုက် နိုင်ငံတကာ သံရုံးတွေနဲ့ တခြားအရာရှိတွေ ဘယ်လိုလေ့လာခွင့်ရှိမယ် ဆိုတာနဲ့ ပတ်သက်လို့လည်း ခုချိန်အထိ ပြည်ထောင်စုကော်မရှင်က တစုံတရာ ထုတ်ပြန်ချက် အကြောင်းကြားတာ မရှိသေးဘူးလို့လည်း ရန်ကုန်တိုင်းရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်မှူးကြီး ဦးကိုကို က ပြောပါတယ်ရှင်။

XS
SM
MD
LG