သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားဆန္ဒပြတောင်းဆိုမှု အလုပ်ရှင်လိုက်လျော


လုပ်အားခနစ်နာမှုတွေအတွက် မနေ့က မတ်လ ၈ ရက်နေ့က စပြီး အလုပ်ခွင်ထဲမဝင်ဘဲ ဆန္ဒပြ ခဲ့ကြတဲ့ လှိုင်သာယာစက်မှုဇုန် ၂ က ကိုရီးယားလူမျိုးပိုင်၊ မြန်မာဆန်နီဖိနပ်စက်ရုံက အလုပ်သမား ၁,၅၀၀ လောက်ဟာ သူတို့ရဲ့ ဆန္ဒပြမှုတွေကို ဒီကနေ့မှာ အဆုံးသတ်လိုက်ပါပြီ။

မြို့နယ်အလုပ်သမားကြီးကြပ်ရေးကော်မတီက ဝင်ရောက်ညှှိနှိုင်းပေးခဲ့တာကြောင့် ဆန္ဒပြတာတွေ ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက မေးမြန်းတင်ပြထားပါတယ်။

လုပ်အားခနစ်နာမှုတွေအတွက် ဆန္ဒပြနေတဲ့ လှိုင်သာယာ စက်မှုဇုန်၊ မြန်မာ-ဆန်နီ ဖိနပ်စက်ရုံက အလုပ်သမားတွေနဲ့ အလုပ်ရှင်တို့ ကျေလည်မူရရှိပြီး မတ်လ ၉ ရက်နေ့မှာ ဆန္ဒပြမှု ပြီးဆုံးသွားခဲ့ ကြောင်း အလုပ်သမားခေါင်းဆောင် ကိုသန်းက ပြောပြပါတယ်။

“တောင်းဆိုချက် ၁၀ ချက်ထဲမှာ အဓိက-က Day-ကြေး ၈၅ ကျပ်ကနေ ၁၂၀ အထိ တိုးပေးဖို့၊ နိုင်ငံတော်ရုံးပိတ်ရက်တွေမှာ လစအပြည့်နဲ့ ခံစားခွင့်ပေးဖို့၊ ရက်မှန်ကြေးဆုကြေးတွေ တိုးမြှင့်ပေးဖို့၊ ကျွမ်းကျင်မှုကြေးတွေ တိုးမြှင့်ပေးဖို့ပါ။ အဲဒါတွေက အဓိကအချက်တွေပါပဲ။ မနက် ၉ နာရီလောက်မှာ မြို့နယ် ကြီးကြပ်ရေးကော်မတီက ရောက်လာပြီးတော့ ညှိနှိုင်းဆွေးနွေးတယ်။ နေ့လည် ၁၂ နာရီမှာ သဘောတူညီချက်ရတယ်။

သဘောတူညီချက်က ဘာလဲဆိုလို့ရှိရင် စက်ရုံပိုင်ရှင်ဘက်ကနေပြီးတော့ ဒေးကြေး တနာရီ လုပ်ခကို ၁၀၀ အထိ တိုးပေးလိုက်တယ်။ ရက်မှန်ကြေးကို ၅,၅၀၀ ကနေပြီးတော့ ၇,၀၀၀ အထိ တိုးပေးလိုက်တယ်။ ကျွမ်းကျင်ကြေးကို အလုပ်သမားအားလုံးကို ၂,၀၀၀ အထိ တိုးပေးတယ်။ ဝင်ငွေခွန်ကောက်တာက ၁၀၀၀ လောက်အထိ တိုးကောက်လိုက်တယ်၊ အဲဒီအပေါ်မှာ မကျေနပ်လို့ မနေ့ နေ့လည်က အလုပ်ခွင်မဝင်ဘဲ ပြန်လာကြတာပေါ့။

ဒီနေ့မနက်မှာ ဆန္ဒပြပြီး စနစ်တကျတောင်းဆိုတာပေါ့။ တလကို ၈၀၀၀ လောက် ပိုရသွားတာပေ့ါဗျာ။ နှစ်ဘက် တော်တော်လေး ညှိနှိုင်းရတယ်။ ၁၂ နာရီလောက်မှာ ပြီးသွားတယ်။”

အလုပ်သမားတွေအနေနဲ့ နစ်နာမှုတွေကို တောင်းဆိုခဲ့ပြီး တနာရီ လုပ်အားခကို ၁၂၀ ကျပ်ထိ တိုးပေးဖို့ တောင်းဆိုတာအပြင် ရက်မှန်ကြေးတွေ တိုးပေးဖို့ စတဲ့ တောင်းဆိုချက်တွေ အပြည့်အ၀ မရပေမဲ့ ထိုက်သင့်တာကိုရတဲ့အတွက် ကျေနပ်လိုက်ရကြောင်း ဆန္ဒပြမှုကို ဦးဆောင်ခဲ့တဲ့ အလုပ်သမားတဦးကလည်း ပြောပြပါတယ်။

“ဒီနေ့သွားပြီးတော့ လေဘာရုံးကလူတွေနဲ့ရော အကုန်လုံး ညှိတယ်၊ သမီးတို့တောင်းတဲ့ အချက်တွေကို သူတို့တွေက ညှိပေးတယ်။ တနာရီလုပ်အားခ ဒေးကြေးက ၁၅ ကျပ် တိုးပေးတယ်။ ကျွမ်းကျင်မှုကြေး ၂၀၀၀ တိုးပေးတယ်။ အရင်တုန်းက ရုံးပိတ်ရက်တွေ မထည့်ပေးဘူး။ အခု ထည့်ပေးရမယ် ပေ့ါနော်။ တောင်းဆိုတဲ့ဟာတွေ အထိုက်အသင့်ရတယ်။ ”

ပြီးခဲ့တဲ့လကပဲ အလားတူ လှိုင်သာယာစက်မှုဇုန်မှာရှိတဲ့ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမား ၂၀၀၀ နီးပါးလည်း ဆန္ဒပြမှုဖြစ်ခဲ့ပြီး ဆန္ဒပြမှုတွေကို အလုပ်ရှင်က လိုက်လျှောပေးခြင်းမရှိတာကြောင့် အလုပ်ရှင်၊ အလုပ်သမားကိစ္စ ဖြေရှင်းပေးတဲ့ဝါဏိဇ္ဇရုံးအထိ ရောက်ခဲ့ပေမဲ့ အလုပ်သမားတွေဘက်က ကျေနပ်လောက်တဲ့ လုပ်အားခမရရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒီအတွက် ဥပဒေကြောင်းအရ ဆက်လက် အရေးဆိုဆိုဖို့အတွက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

စက်မှုဇုန်တွေက အလုပ်သမားတွေဟာ တနေ့ကို ၈ နာရီထက်ပိုလုပ်နေရပြီး လုပ်အားခ နစ်နာတဲ့ အပေါ် အရေးဆိုတာမျိုးတွေ မကြာခဏဖြစ်ခဲ့ပြီး အလုပ်သမားတွေ တောင်းဆိုတဲ့အတိုင်းအပြည့်အ၀ လိုက်လျောပေးတာမျိုးတွေ မရှိခဲ့ပါဘူး။

အခုလိုက်လျောမှုကိုတော့အလုပ်သမားတွေဘက်က ကျေနပ်လိုက်ရပြီး စားဝတ်နေရေး အခက်အခဲကြောင့် ရက်ရှည်အလုပ်ပျက်မှုတွေ မရှိဖိ့ုအတွက် တခြားနည်းလမ်း ရွေးချယ်စရာမရှိဘူး လို့လည်း အလုပ်သမားတွေက ပြောပါတယ်ရှင်။

XS
SM
MD
LG