မြန်မာနိုင်ငံတွင်း တိုးတက်လာတဲ့ နိုင်ငံရေးပြောင်းလဲမှုတွေကို အမေရိကန်တို့က လက်ခံထားပြီး၊ နောက်ကြောင်း ပြန်မလှည့်ဘူးဆိုတာကိုလည်း နားလည်ထားတယ်လို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ Derek Mitchell ကပြောပါတယ်၊ အမေရိကန်တို့အနေနဲ့ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲရဲ့ တရားမျှတမှုတွေကိုလည်း အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်၊ မစ္စတာ Mitchell ဟာ ဒီကနေ့ မတ်လ ၁၃ ရက်နေ့မှာ အမျိုသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့နဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ်အတွင်း အခုလို သဘောထားတွေကို ပြောလိုက်တာလည်း ဖြစ်ပါတယ်၊ ဒီအခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက ဆက်ပြောပြပေးမှာပါ၊
မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန်ရဲ့ မြန်မာနိုင်ငံမူဝါဒ ညှိနှိုင်းရေးမှူးတဦး ဖြစ်တဲ့အပြင် အထူးသံတမန်တဦးလည်း ဖြစ်တဲ့ မစ္စတာ ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell)ဟာ ဒီကနေ့ မတ်လ ၁၃ ရက်နေ့မနက်က နေပြည်တော်မှာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ၊ ပြည်သူလွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့နဲ့အတူ လွှတ်တော်၂ရပ်က ရေးရာ ကော်မတီဝင်တချို့နဲ့လည်း တွေ့ဆုံပါတယ်၊
အရင်ဆုံး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ တွေ့ဆုံစဉ်မှာတော့ အမေရိကန်က ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကိုလျှော့ချ ရုတ်သိမ်းနိုင်ဖို့အတွက် အမေရိကန်ဘက်က စဉ်းစားနေပြီ ဖြစ်ကြောင်းနဲ့ လွှတ်တော်တွင်းက ဆွေးနွေးမှုတွေ နဲ့ ဧပြီလ ၁ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲရဲ့ လွတ်လပ်တရားမျှတမှုတွေအပေါ်မှာ အနီးကပ်စောင့် ကြည့်နေတယ်လို့ မစ္စတာ ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) က ပြောခဲ့ပါတယ်၊ အမျိုးသားလွတ်တော် ဥက္ကဋ္ဌကလည်း ကြားဖြတ်ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ အခြေအနေတချို့ကို ပြန်ရှင်းပြခဲ့တယ်လို့ ဒီတွေ့ဆုံမှုမှာပါဝင်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်၊
“သူတို့ စောင့်ကြည့်နေတာ နှစ်ပိုင်းရှိတယ်ပေါ့။ နံပါတ် ၁ က ဘတ်ဂျက်နဲ့ ပတ်သက်လို့ ဘယ်လို ညှိကြတယ်.. ပြင်ဆင်ကြတယ်ဆိုတာကို ကြည့်တယ်။ ပြီးတော့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတမှု ဘယ်လောက် ရှိမလဲဆိုတာ ကို အနီးကပ် စောင့်ကြည့်နေပါတယ်ဆိုတဲ့အကြောင်း ပြောပါတယ်။ နာယကကြီးကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကြားဖြတ်ရွေးကောက်ပွဲကာလမှာ တရားမျှတမှု ရှိဖို့က ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ရှိတယ်။ နောက် အစိုးရပိုင်းမှာ တာဝန်ရှိတယ်။ ရွေးကောက်ပွဲ ၀င်မယ့် လွှတ်တော်အမတ်တွေ.. နောက် ပြည်သူတွေမှာလည်း တာဝန် ရှိတယ်။ ၀ိုင်းဝန်းပံ့ပိုး ကူညီသွားရမယ့်တာဝန်ဟာ ကျနော်တို့အားလုံးမှာ ရှိတယ်ဆိုတာမျိုး ရှင်းပြခဲ့ပါတယ်”။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါက်တာအေးမောင် ပါရှင်၊ အဲဒီနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့အတူ လွှတ်တော် ကော်မတီရေးရာ အဖွဲတချို့နဲ့ တွေ့တဲ့အခါမှာတော့ တိုးတက်လာတဲ့ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုတွေပေါ် အမေရိကန်တို့ရဲ့ သဘေထားတွေကို ရှင်းပြခဲတ့ယ်လို့ မစ္စတာ Derek Mitchell နဲ့ ဒီကနေ့ တွေ့ခဲ့သူထဲက တဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးတိုးနိုင်မန်းက ပြောပါတယ်။
“အခု နိုင်ငံရေးစနစ်ပြောင်းတာကို သူတို့ လက်ခံတယ်။ ဒုတိယအချက်က ကျနော်တို့နိုင်ငံ နောက်ကြောင်း ပြန်မလှည့်ဘူး ဆိုတာကို သူတို့ ကောင်းကောင်းသဘောပေါက်တယ်၊ နားလည်တယ်။ နောက်ဆုံးအချက်ကတော့ တကယ်တမ်း ကျနော်တို့ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့ နေရာမှာ အချိန်အရေးကြီးသလို လုပ်ရဲတဲ့ သတ္တိ ဆန္ဒတွေ အရေးကြီးတယ် ဆိုတာကို အဓိက ဆွေးနွေးဖြစ်ပါတယ်။ အဓိကကတော့ Sanction ပြန်ရုပ်ဖို့ဆိုရင် လုပ်ရတဲ့ process ကြီးက ကြာတယ်၊ အဲဒါနဲ့ပတ်သက်လို့လည်း Derek Mitchell က မြန်မာပြည်မှာ အောက်ခြေလူတန်းစားတွေ ရှိသေးတယ်။ Sanction က အစိုးရထက် ပြည်သူကိုပဲ ပိုထိခိုက်တယ်ဆိုတာကို သူတို့ နားလည်ပါတယ်။ ဒါကြောင့်မို့ အောက်ခြေလူတန်းစားတွေ ဒုက္ခရောက်နေတာပေါ်မှာလည်း စိတ်မကောင်းပါဘူး။ ဒါကြောင့်မို့ အမြန်ဆုံး Sanction ရုပ်အောင် ကြိုးစားဆောင်ရွက်နေပါတယ်ဆိုတဲ့စကား သူပြောပါတယ်။”
ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင် အဖွဲ့ဝင် ဦးတိုးနိုင်မန်း ပါ၊
မြန်မာနိုင်ငံမူဝါဒ ညှိနှိုင်းရေးမှူးအပြင် အထူးသံတမန်တဦးအဖြစ် တာဝန်ရောက်ပြီးနောက်ပိုင်း ၆ကြိမ်မြောက်အဖြစ် အခု သူလာတဲ့ ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်တွေကို ကော်မရှင်အဖွဲ့ဝင်တွေက မေးမြန်းတာရှိသလို၊ သူ့ဘက်က သိချင်တဲ့ နိုင်ငံတော် ရသုံးမှန်းခြေငွေစာရင်း ဆွေးနွေးမှု အခြေအနေတွေကို မေးမြန်းခဲ့တာရှိတယ်လို့လည်း ပြည်သူ့လွှတ်တော် ရဲ့ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကှဋ္ဌ ဦးလှမြင့်ဦး က ရှင်းပြပါတယ်။
အဓိကက Derek Mitchell က လွှတ်တော်ဥက္ကဋ္ဌ နဲ့ ၃ ကြိမ်လောက် တွေ့ထားပြီးသားပါ၊ ဒီတခေါက်လာတဲ့ ကိစ္စမှာလည်း လွှတ်တော်အနေနဲ့ သူ့ကို လွှတ်တော်ရေးရာကိစ္စတွေ မေးမြန်းတာလေးတွေ ဖြေကြားပေးတယ်၊ နောက်ပြီးတော့ ကျနော်တို့ အစိုးရရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ဒါတွေမေးပါတယ်။ လွှတ်တော်အနေနဲ့ကတော့ ခုချိန်မှာ ဘတ်ဂျက်ကိစ္စဆွေးနွေးတာနဲ့ ပတ်သက်ပြီးတော့ အခြေနေတွေဘာတွေ မေးပါတယ်၊ ဒီလောက်ပါပဲ။”
ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး ပါရှင်၊ မစ္စတာ Derek Mitchell ဟာ မနေ့ကလည်း နိုင်ငံခြားရေး ၀န်ကြီးနဲ့တွေ့ပြီး မြန်မာ့အရေးပြောဆိုဆွေးနွေးတာရှိသလို မနက်ဖြန် မတ်လ ၁၄ ရက်နေ့မှာ မန္တလေးက လူမှုကူညီရေးလုပ်ငန်းတွေဆီသွားဖို့ စီစဉ်ထားသလို မတ်လ ၁၅ ရက်နေ့မှာတော့ ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ စီစဉ်ထားပြီး၊ သူမပြန်ခင် သတင်းထောက်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်၊