သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုပ်ရှင်ဆင်ဆာစည်းကမ်း ပိုလျှော့ဖို့လို


မြန်မာရုပ်ရှင်နဲ့ ဗွီဒီယို ဇာတ်ကားတွေအပေါ် တင်းကျပ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတချို့နဲ့ ဆင်ဆာ အချက် ၁၀ ချက်ကို အစိုးရက မကြာသေးခင်က ဖြေလျှော့ ပေးလိုက်တာဟာ တကယ်တမ်း ဆင်ဆာလွတ်လပ်ခွင့် ပေးလိုက်တာ မဟုတ်ဘူးလို့ အနုပညာအသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။ ဘယ်လို အချက်တွေကို ဖြေလျှော့ခွင့်ပေးလိုက်ပြီး ဘယ်လိုအချက်တွေကို ဆက်ပြီး ထိန်းချုပ်ထားတာပါလဲ။ ဒီအပေါ် အနုပညာအသိုင်းအဝိုင်းက လူတချို့ရဲ့ အမြင်တွေကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

အရင်အစိုးရလက်ထက်က မြန်မာ့ရုပ်ရှင်နဲ့ ဗွီဒီယိုဇာတ်ကားတွေအပေါ် တင်းကျပ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတချို့နဲ့ ဆင်ဆာအချက် ၁၀ ချက်ကို အခု အရပ်သား အစိုးရလက်ထက်မှာ ဖြေလျှော့ပေးလိုက်တာပါ။ ဒီလို ဖြေလျှော့ပေးလိုက်တဲ့ အထဲမှာတော့ စုန်း၊ သရဲ-တစ္ဆေကားတွေ ရိုက်ခွင့်ပြုတာ၊ ဇာတ်ကားတွေထဲမှာ အရက် သေစာ သောက်စားခွင့်ပြုတာ၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို ချစ်ခန်း ကြိုက်ခန်းတွေ ရိုက်ခွင့်ပြုတာ၊ လူကြီးမိဘတွေကို ပြန်ပြောတာမျိုး ရိုက်ခွင့်ပြုတာ၊ ယောကျ်ားလေးတွေကို အခြောက်သဏ္ဍာန် သရုပ်ဆောင်ခွင့်ပြုတာ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါပေမဲ့ တကယ်တမ်း ဖြေလျှော့ပေးသင့်တဲ့ အချက်တွေကိုတော့ ဆက်ပြီး ထိန်းချုပ် ထားဆဲ ဖြစ်တာမို့ တကယ်တမ်း လွတ်လပ်ခွင့်ပေးတယ်လို့ မယူဆနိုင်ကြောင်း လက်ရှိ ဆင်ဆာ အပိတ်ခံထားရတဲ့ လွမ်းစိမ့် ဇာတ်ကားကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ ကိုချိုတူးဇော်က ထောက်ပြပါတယ်။

“ကျနော့်ကားက လုံးဝ တကားလုံးကို ဆင်ဆာက ပြသခွင့်မပေးတာဗျ။ အခုချိန်အထိလည်း ပြသခွင့် မပေးသေးပါဘူး။ မပေးသေးတဲ့အတွက် ဆင်ဆာက ဖြေလျှော့တယ်ဆိုတာ ကျနော်တို့ကားမျိုးတွေ အကျုံးမဝင်သေးဘူး၊ တကယ်ကို ပြည့်ဝတဲ့လွတ်လပ်မှု မဟုတ်သေးဘူးလို့ပဲ ကျနော် မြင်ပါတယ်။”

ဘယ်လို အခြေအနေမျိုးကို တကယ်ပြည့်ဝတဲ့ လွတ်လပ်မှုလို့ ဆိုနိုင်မှာပါလဲ။ -

ကျနော်တို့ အနုပညာသမားတွေက ကျနော်တို့အမြင်ကို ဒါဖြင့်ရင်တော့ ဒီလိုမြင်တယ်၊ ဒါဖြင့်တော့ ဒီလို ခံစားရတယ်-ကျနော်တို့အမြင်တွေက သီအိုရီကျကျပေါ့-လက်တွေ့အချက်တွေနဲ့ ဖြစ်ကောင်း ဖြစ်ချင်မှဖြစ်မယ်၊ ကျနော်တို့ ဟောဒီလို ခံစားရတယ်ဗျာ၊ ဟောဒီလို မြင်တယ်ဗျာ- ဟောဒီလိုတော့ ထိ-သိ-ကြုံတွေ့ခဲ့ရတယ်ဗျာ-လို့ တဆင့် ပြန်ပြီးတော့ ဖန်တီးမယ်၊ ဖောက်သည်ချမယ်၊ ဒါကို လွတ်လပ်ခွင့်ပေးမှ တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ကြီးက တကယ်ဖွံ့ဖြိုးမှာ။ အဲဒီတော့ ဒါတွေကို ရုပ်ရှင်ကလည်း ရုပ်ရှင်အလျောက်၊ စာပေကလည်း စာပေအလျောက်၊ အဲဒါတွေကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်တွေကို ပေးရပါလိမ့်မယ်။ အဲဒါမှ တကယ်ပြည့်ဝတဲ့၊ လွတ်လပ်တဲ့ဆင်ဆာမူလို့ ကျနော် မြင်ပါတယ်။

လွမ်းစိမ့်ဇာတ်ကားဟာ ၁၉၈၈ ခုနှစ် ကျောင်းသားတွေ ဦးဆောင်ပါဝင်ခဲ့တဲ့ လူထု လှုပ်ရှားမှု အရေးတော်ပုံ နောက်ခံထား ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ခုပါ။ ဒီလို နိုင်ငံရေး နောက်ခံ အကြောင်းအရာနဲ့ ဇာတ်ကားမျိုးတွေကတော့ ဆင်ဆာ ပိတ်ပင်ခံရဆဲ ဖြစ်ပါတယ်။ ခုချိန်မှာ ဒါမျိုး မရှိသင့်တော့ဘူးလို့ လွမ်းစိမ့် ဇာတ်ကားမှာ အာအိုင်တီ ကျောင်းသားအဖြစ် ပါဝင် သရုပ်ဆောင်ခဲ့တဲ့ မင်းသား ရဲတိုက်က ပြောပါတယ်။

“ဒါကတော့ -- မူဝါဒအရ ဒီလိုကားမျိုး Pass မဖြစ်တာ သဘာဝကျပါတယ်။ အခုတော့ ဆင်ဆာ မူဝါဒ ပြောင်းလဲလာပြီလို့လည်း ကြားရပါတယ်။ ပြောင်းလဲအောင်လည်း အားလုံးက ဝိုင်းပြီး ဆောင်ရွက် နေတာကို တွေ့ရပါတယ်။ လျှော့ပေးသွားတဲ့ အချက်တွေတော့ ရှိပါတယ်။ ဒါပေမဲ့ လျှော့ပေးထားတဲ့ အချက်တွေထဲမှာ လွမ်းစိမ့်နဲ့ ပတ်သက်တဲ့ အချက်တွေ မပါသေးဘူး။ မပါသေးတဲ့အတွက် လွမ်းစိမ့်က မထွက်လာသေးဘူး။”

အခု အစိုးရက ဆင်ဆာ သတ်မှတ်ချက်တချို့ လျှော့ပေါ့ပေးတယ် ဆိုတာဟာလည်း တကယ်တော့ တရားဝင် စာထုတ်ပြီး လျှော့ပေါ့ပေးတာမျိုး မဟုတ်ပါဘူး။ ဒီအပေါ် ဒါရိုက်တာ ဝိုင်း ကလည်း -

ဆင်ဆာ rules တွေက လျှော့ပေါ့တယ်လို့ ပြောတယ်၊ သူတို့က လျှော့ပေါ့တယ်ဆိုတာ အခုချိန်မှာ ဒီဘက်က လှုပ်ရှားမှုတွေ အားကောင်းနေတဲ့အတွက် အားမတန်လို့ မာန်လျှော့ပြီးတော့ - လိုက်လျောပေးနေတဲ့သဘော၊ တကယ့်တကယ် အဲဒါကို စာထုတ်ထားခြင်း လုံးဝမရှိဘူး။ လက်ရှိဥပဒေတွေအရ ဒီကားတွေကို ဆင်ဆာဖြတ်လို့ ရနေပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ပါးစပ်ထဲမှာပဲ ဥပဒေကိုလုပ်နေတဲ့အခါကျတော့ သိပ်အဆင်မပြေဘူး

တကယ်တော့ တိုးတက်ပြီး လွတ်လပ်တဲ့ နိုင်ငံတွေမှာလည်း ဆင်ဆာ သတ်မှတ်ချက်တွေ ရှိပါတယ်။ ကလေးငယ်တွေ မကြည့်သင့်တဲ့ ဇာတ်ကား၊ ဆယ်ကျော်သက်တွေ ရှောင်သင့်တဲ့ဇာတ်ကား စသဖြင့် ဇာတ်ကားအမျိုးအစားအလိုက် ဘယ်ကားတွေကတော့ဖြင့် ဘယ်လိုလူတွေ မကြည့်ရဘူး ဆိုတဲ့ သတိပေးချက်တွေနဲ့ သတ်မှတ်ထားပါတယ်။ တကယ်တမ်း ပြည့်ဝတဲ့ ဆင်ဆာမူတွေ ဖြစ်ဖို့မှာ ဒီလို အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်တယ်လို့ ဒါရိုက်တာ ချိုတူးဇော်က အခုလို အကြံပြု ထောက်ပြပါတယ်။

အမေရိကားမှာလည်းပဲ ဆင်ဆာမှာ အမျိုးမျိုး မူတွေသတ်မှတ်ထားတယ်။ အဲဒါ ဘာတွေလဲဆိုတော့ ကလေး၊ သူငယ် အသက်အရွယ်နဲ့ ကန့်သတ်တယ်။ အဲဒီလိုမျိုးပဲ ဆင်ဆာမှာ အဆင့်ဆင့်ရှိသင့်တယ်။ ကျနော် အဲဒါလေး အကြံပေးပါရစေ။ တကယ်လို့ ကျနော်တို့က မြန်မာလူ့အဖွဲ့အစည်းနဲ့ မကိုက်ညီတဲ့ မလုံမလဲ ဝတ်စားဆင်ယင်မှုတွေကို ပြမယ်၊ ဒါမှမဟုတ် ရုန့်ရင်းကြမ်းတမ်းစွာနဲ့ တကယ့် ကြောက်စရာ၊ လန့်စရာကောင်းတဲ့ သရဲကားတွေကိုဆိုရင် ကလေးသူငယ်တွေနဲ့ ကန့်သတ်ပြီးတော့ ကြည့်ခွင့် မရအောင် ကန့်သတ်ပြီးတော့ ဒါမျိုးတွေ စည်းမျဉ်းစည်းကမ်းတွေလုပ်မယ်။ ဒါတွေ တကယ် မကြည့်နိုင်အောင်လည်း ဘယ်လိုမျိုး စည်းကမ်းဥပဒေတွေ နောက်ဆက်တွဲ cover ဖြစ်အောင် လုပ်မယ်ဆိုတာတွေကိုပါ ထည့်စဉ်းစားသင့်တယ်၊ အဲဒါမျိုး လုပ်ရမယ်။ စည်းကမ်းဆိုတာက ပြဌာန်းချင်တိုင်း ပြဌာန်းလို့ မရဘူး။ နောက်မှ နောက်ဆက်တွဲဖြစ်လာမယ့် ကောင်းကျိုး၊ ဆိုးကျိုးကိုပါ ထည့်စဉ်းစားပြီးတော့ အဲဒါကိုပါ cover ဖြစ်အောင် ကြိုပြီးတော့ ရေးဆွဲသင့်တယ်၊ ပြင်ဆင်ထားသင့်တယ်ဆိုတာလေးကိုပါ အကြံပေးချင်ပါတယ်ဗျာ

ဒါရိုက်တာ ကိုချိုတူးဇော်ရဲ့ အမြင်ပါရှင်။ တကယ်တမ်း မြန်မာ့ ရုပ်ရှင်နဲ့ မီဒီယာလောက တိုးတက်လာအောင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ဆိုရင် အခုလို ဆင်ဆာ လျှော့ပေါ့ပေးတာမျိုးနဲ့ မလုံလောက်ဘဲ တကယ်တမ်း မှန်ကန်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ အများကြီးလုပ်ဖို့ လိုအပ်နေသေးတယ်လို့ ရုပ်ရှင် အနုပညာရှင် အသိုင်းအဝိုင်းက ဝေဖန် ပြောဆိုနေကြတာပါရှင်။

XS
SM
MD
LG