သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရဝန်ထမ်းများ အပိုထောက်ပံ့ကြေး ခံစားခွင့်ရ


မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရဝန်ထမ်းအားလုံးကို ဧပြီလ ၁ ရက်နေ့ကစပြီး လက်ရှိ လစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တဦးကို ကျပ် ၃ သောင်း တိုးပေးမှာဖြစ်သလို နေ့စား အလုပ်သမားတွေကိုလည်း တရက် ၈ နာရီလုပ်အားခအပြင် အပိုထောက်ပံ့ကြေး ပေးအပ်သွားမှာဖြစ်တဲ့ အကြောင်း ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနကနေ ဒီကနေ့ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်အပေါ် ဝန်ထမ်းတွေက ကြိုဆိုခဲ့ကြပြီး - လက်ရှိ ရနေတဲ့ လစာဟာ မိသားစု စားဝတ်နေရေးအတွက် ဖူလုံမှု မရှိတဲ့အနေအထားမှာ အခုလို တိုးပေးတာက အထောက်အကူဖြစ်စေတယ်လို့ တုံ့ပြန်ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

အစိုးရရဲ့ ၂ဝ၁၂ - ၂ဝ၁၃ ဘဏ္ဍာရေးနှစ် အစဖြစ်တဲ့ ဧပြီလ ၁ ရက်နေ့စပြီး မြန်မာနိုင်ငံမှာရှိတဲ့ တပ်မတော် ကြည်း၊ ရေ၊ လေ ဝန်ထမ်းအားလုံး အပါအဝင် အစိုးရဝန်ထမ်းတိုင်းကို စားဝတ်နေရေး သက်သာချောင်လည်မှု ရှိစေဖို့အတွက်ဆိုပြီး လက်ရှိ ရရှိနေတဲ့ လစာအပြင် - အပို ထောက်ပံ့ကြေးအဖြစ်နဲ့ တဦးကို ကျပ် ၃ သောင်းတိတိ တိုးပေးမယ်လို့ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံးကနေ မတ်လ ၁၄ ရက်နေ့ နေ့စွဲနဲ့ ကြေညာခဲ့တာပါ။ ဒါ့အပြင် အစိုးရဌာနတွေနဲ့ အဖွဲ့အစည်းတွေမှာရှိတဲ့ နေ့စားအလုပ်သမားတွေ ရဲ့ လုပ်ခကိုလည်း လက်ရှိ သတ်မှတ်ထားတဲ့ တနေ့ ၈ နာရီ လုပ်ခ ၁,၁ဝဝ ကျပ်ကနေ အပိုထောက်ပံ့ကြေးဆိုပြီး နောက်ထပ် ကျပ် ၁ ထောင် တိုးပေးမယ်လို့ ကြေညာခဲ့ပါတယ်။

ဒီကြေညာချက်အရ အစိုးရဝန်ထမ်း အားလုံးရော၊ နေ့စားအလုပ်သမားတွေပါ ဒီခံစားခွင့်ကို ဧပြီလ ၁ ရက်နေ့ကနေ စပြီး ခံစားခွင့်ရရှိကြမှာဖြစ်ပါတယ်။ ဒါကြောင့် ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနရဲ့ အခု ကြေညာချက်အပေါ် ဝန်ထမ်းတွေအနေနဲ့ ဘယ်လို သဘောထားရှိသလဲ သိနိုင်ဖို့ - အရင်ဆုံး နေပြည်တော်မှာရှိတဲ့ အစိုးရဝန်ထမ်းတဦးကို မေးကြည့်ခဲ့ပါတယ်။

“၃ သောင်းတိုးပေးတယ်ဆိုတော့ ကျနော်တို့ ဝန်ထမ်းတွေအနေနဲ့ ပျော်တယ်ပေါ့။ အရင်ကထက်စာရင် နည်းနည်းတော့ သက်သာ ချောင်လည် သွားတာပေ့ါ။ နည်းနည်း ပိုဖူလုံသွားတာပေါ့။ လမ်းစရိတ်တွေ၊ အသုံးစရိတ်လေးတွေ ကာမိသွားတာပေါ့။ စုမိစောင်းမိတဲ့အထိ တော့ မဟုတ်ဘူးပေါ့ဗျာ။ အခုလောလောဆယ်မှာတော့ အဲ့သတင်းကြားပြီး ဝန်ထမ်းတွေကတော့ ပျော်ကြတာပေါ့။ ကျနော်တို့ နေပြည်တော် ဝန်ထမ်းတွေအနေနဲ့ကျတော့ သွားရေးလာရေး လွယ်သွားစေမယ်။ အိမ်ပြန်ဖို့ရာအတွက် စရိတ်ကလေး သက်သာသွားတာပေါ့။”

တခါ - ပြင်ဦးလွင်က အစိုးရဟော်တယ်ဝန်ထမ်းတဦးကလည်း -

“အတိအကျတော့ မသိရသေးဘူး။ ၃ သောင်းတိုးတယ်ပဲ သိသေးတာ။ တယောက်စာကတော့ လောက်သွားတာပေါ့။ တမိသားစုလုံးအတွက် ကတော့ ဘယ်လောက်ပါ့မလဲ။ ကိုယ့်တယောက်ထဲအတွက်ကတော့ ဖူလုံသွားတာပေါ့။”

တပ်မတော်သားဝန်ထမ်းတဦးကတော့ - အရင်တုန်းက အတွေ့အကြုံတွေအရ အခုလို လစာတိုးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်တိုင်း ကုန်ဈေးနှုန်း တက်လေ့ရှိတာကြောင့် အခု သတင်းအပေါ်မှာလည်း အပြည့်အဝ မပျော်နိုင်ဘူးလို့ အခုလို ပြောပြပါတယ်။

“အရင်ထက်စာရင်တော့ နည်းနည်းတော့ ပြေလည်လာမယ်လို့ ထင်ပါတယ်။ အဲ့ဒါကလည်း ကုန်ဈေးနှုန်းအပေါ် မူတည်တာပေါ့ဗျာ။ ကုန်ဈေးနှုန်းမတက်ရင်တော့ ပြေလည်နိုင်ပါတယ်။ အဓိကကတော့ ကုန်ဈေးနှုန်းပါပဲ။ အရင်တုန်းကဆိုရင် လစာတက်တာနဲ့ ကုန်ဈေးနှုန်းက နောက်က တက်လာတာပဲလေ။ အခုထိတော့ ကုန်ဈေးနှုန်းက မတက်သေးဘူးဗျ။ အခုလောလောဆယ်ကတော့ အိမ်လခတွေ ဘာတွေ မပေးရဘူး၊ ရိက္ခာကလည်း ထောက်ပံ့ထားတာဆိုတော့ သိပ်တော့ မဆိုးဘူးထင်ပါတယ်။ အခုဟာက လုံတော့ လုံလောက်ပါတယ်။ ဒါပေမဲ့ ချွေတာရတာပေါ့။”

အခုလို မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရဝန်ထမ်းတွေ လစာတိုးပေးဖို့အတွက်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကနေ ပြည်ထောင်စု လွှတ်တော်ထံ ပြီးခဲ့တဲ့လ ၇ ရက်နေ့ကပဲ အဆိုတင်သွင်းခဲ့တာပါ။

ဒါ့အပြင် အဲ့ဒီလို တိုးပေးပြီးနောက်ပိုင်း နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ ငွေကြေးဖောင်းပွမှု- စတဲ့ ပြဿနာတွေနဲ့ပတ်သက်လို့လည်း - သူရဦးရွှေမန်းက မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် မကြာသေးခင်တုန်းကပဲ သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့တဲ့ နိုင်ငံတော် မိန့်ခွန်းထဲမှာ - ဝန်ထမ်းတွေ လစာတိုးပေးတာနဲ့ပတ်သက်ပြီး - ကုန်ဈေးနှုန်းကြီးမြင့်လာခဲ့ရင် အစိုးရဝန်ထမ်းမဟုတ်တဲ့ ပြည်သူတွေအနေနဲ့ ထိခိုက်မယ့်အရေးကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံမှာ အရင်တုန်းက အခုလို အစိုးရဝန်ထမ်းတွေကို လစာတိုးပေးတိုင်း ကုန်ဈေးနှုန်းကလည်း တပြိုင်တည်း လိုက်တက်ခဲ့တာကြောင့် ပြည်သူတွေရော၊ အစိုးရဝန်ထမ်းတွေပါ အဲ့ဒီလို ကုန်ဈေးနှုန်း တက်မယ့်အရေး ထပ်ကြုံရမှာကို စိုးရိမ်မှုတွေကတော့ ရှိနေတာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG