သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲအရေး အမေရိကန်ကိုယ်စားလှယ် ဒေါ်စုနဲ့ဆွေးနွေး


အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်အတွင်း ပူးတွဲသတင်းစာရှင်းလင်းပွဲ။ (မတ်လ ၁၄ ရက်၊ ၂၀၁၂။)
အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်အတွင်း ပူးတွဲသတင်းစာရှင်းလင်းပွဲ။ (မတ်လ ၁၄ ရက်၊ ၂၀၁၂။)

အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရက်ခ် မစ်ချဲ ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပြီးတော့ - ကြားဖြတ်ရွေးကောက်ပွဲကိစ္စ အပါအဝင် လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မဲဆွယ်စည်းရုံးရေးကာလအတွင်း ကြုံတွေ့နေရတဲ့ ပြဿနာတွေနဲ့ မဲစာရင်း လွဲချော်မှုတွေအကြောင်း ပြောပြခဲ့သလို - မစ္စတာ မစ်ချဲ ကလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမျိုးဖြစ်ဖို့ကို ထပ်မံ ပြောဆိုသွားခဲ့ပါတယ်။ အကြောင်းစုံကို တော့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို ၆ ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရက်ခ် မစ်ချဲ ဟာ မတ်လ ၁၄ ရက် ဗုဒ္ဓဟူးနေ့မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့တာပါ။ အဲ့ဒီ တွေ့ဆုံမှု အတွင်း - ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေအပါအဝင် လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ၁ နာရီကျော်ကြာ တွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မစ္စတာ မစ်ချဲက - ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတဝှမ်း မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေမှာ ကြုံတွေ့ရတာတွေနဲ့ပတ်သက်ပြီး စိုးရိမ်မိ ကြောင်းနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်ဖို့ အတွက် နိုင်ငံတကာက စောင့်ကြည့်အကဲခတ်တွေ ထားရှိရေးကိစ္စနဲ့ ပတ်သက်လို့ သတင်းထောက်တွေကို အခုလို ပြောဆိုခဲ့ပါတယ်။

“နိုင်ငံတကာက အကဲခတ်တွေ စောင့်ကြည့်ဖို့ ကိစ္စနဲ့ ပတ်သက်လို့ တိတိကျကျ အာမခံပေး ပြောတာမရှိပါဘူး။ တကယ်တော့ အာဆီယံ အမေရိကန်နဲ့ တခြား အပါအဝင် တော်တော်များများက ကမ်းလှမ်းထားတာ ရှိပါတယ်။ ဒါမှလည်း လွတ်လပ်မျှတမှု ရှိရစေမယ်လို့ ကတိပေးထားတာတွေကို အာမခံနိုင်မှာ ဖြစ်ပါတယ်။ ဒီကိစ္စကို ရွေးကောက်ပွဲ ကော်မရှင်ကတော့ တိတိကျကျ အဖြေမပေးသေးပါဘူး။”

မဲဆန္ဒရှင်စာရင်းတွေမှာ မမှန်မကန် ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖြစ်တဲ့ အကြောင်းနဲ့ ဒီကိစ္စကိုတော့ ဒေါ်အောင်ဆန်းစုကြည် တို့ဘက်ကလည်း တင်ပြထားတာတွေ ရှိနေတယ်ဆိုတဲ့အကြောင်းလည်း မစ္စတာမစ်ချဲ က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ အများက လက်ခံယုကြည်နိုင်တဲ့ အခြေအနေမျိုးတွေကိုပဲ လိုချင်တဲ့အကြောင်းကို လည်း ပြောသွားခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ - ဒီကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်ထဲကို ရောက်ရှိတဲ့အခါ လုပ်ဆောင်နိုင်မှာတွေ အများကြီး ရှိနိုင်ပါတယ်လု့ိ သတင်းထောက်တွေကို အခုလို ပြောခဲ့ပါတယ်။

“၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတခုတည်းအတွက်ကိုပဲ ကျမတို့ ရှေ့ရှုပြီး လုပ်ဆောင်နေတာမဟုတ်ပါဘူး။ လွှတ်တော်ထဲကို ရောက်သွားတဲ့ အခါကျရင်လည်း ဘာတွေလုပ်ဆောင်နိုင်မလဲဆိုတာကိုပါ ကျမတို့က ရှေ့ရှုပါတယ်။ တကယ်လို့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်နေရာ ၄၇ နေရာပဲ အနိုင်ရရှိခဲ့မယ် ဆိုရင်တောင်မှ ကျမတို့အနေနဲ့ လုပ်နိုင်တာတွေ အများကြီးရှိမှာပါ။ ဘာကြောင့်လဲဆိုတော့ ဥပဒေပြုအမတ် တယောက်ချင်းစီတိုင်းဟာ - လူထုကို ကိုယ်စားပြုတဲ့ သူတို့ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ရာအတွက် အခွင့်အရေး အပြည့်အဝရှိသင့်လို့ပါ”

ဒါ့အပြင် မြန်မာနိုင်ငံမှာ ပြည်သူကို ပထမဦးစားပေးတဲ့ နိုင်ငံရေးမျိုး လိုလားကြောင်းကိုလည်း ပြောဆိုသွားခဲ့ပါတယ်။ ၆ ရက်ကြာ မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်အတွင်း နေပြည်တော်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့အပါအဝင် အစိုးရတာဝန်ရှိသူတွေနဲ့လည်း ၂ ရက်ကြာ တွေ့ဆုံခဲ့ပြီးနောက် - လွှတ်တော်ဆိုင်ရာ ကိစ္စရပ်တွေ၊ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေအပြင် မြန်မာနဲ့ အမေရိကန် ၂ နိုင်ငံအကြား ဆက်ဆံရေး ဒီ့ထက် ပိုတိုးမြှင့်နိုင်ဖို့အတွက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီနောက် ရန်ကုန်ကို လာရောက်ပြီး ဗုဒ္ဓဟူးနေ့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာပါ။ ကြာသာပတေးနေ့မှာတော့ ရန်ကုန်သံရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ရှိပြီး - အဲ့ဒါပြီးရင်တော့ မန္တလေးကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG