သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

The Voice ရေးသားချက် သတ္ထုတွင်းဝန်ကြီးဌာန အရေးယူမည်


အခု သီတင်းပတ်ထုတ် The Voice Weekly ဂျာနယ်မှာ ဖော်ပြတဲ့ “ ဝန်ကြီးဌာနအချို့ရဲ့ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေး တွေ့ရှိ” ဆိုတဲ့ သတင်းရေးသားဖော်ပြချက်မှာ သတ္ထုတွင်းဝန်ကြီးဌာနနဲ့ စပ်လျဉ်းပြီး မမှန်မကန်ရေးသားဖော်ပြမှုတွေ ပါဝင်နေတယ်ဆိုပြီး စာစောင်ထုတ်ဝေသူနဲ့ သတင်းရေးသားသူကို ဥပဒေကြောင်းအရ အရေးယူမယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြပါတယ်။ ကာယကံရှင် The Voice Weekly ဂျာနယ်ကတော့ သူတို့ဘက်က ရေးသားချက်ဟာ ခိုင်မာတိကျမှုရှိပြီး အခု အဖြစ်အပျက်က အာဏာပိုင်တွေဘက်က နားလည်မှုလွဲတာဖြစ်တယ်လို့ ယူဆပြောဆိုပါတယ်။ The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

“ကျနော်တို့ကတော့ ရေးတဲ့အထဲမှာ သူတို့ကို စွပ်စွဲထားတာလည်းမရှိဘူး၊ ပုတ်ခတ်ထားတာလည်း မဟုတ်ဘူး၊ ဂုဏ်သိက္ခာချထားတာလည်း မဟုတ်ဘူး။ ကျနော်တို့က ရထားတဲ့ သတင်းအချက်အလက်ကို သက်ဆိုင်ရာ ပြည်သူ့လွှတ်တော်မှာရှိတဲ့ ပြည်သူ့လွှတ်တော် ငွေစာရင်း ကော်မတီမှာရှိတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို လှမ်းမေးတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကလည်း စာရင်းစစ်ချုပ်ရုံးကနေပြီးတော့ သူတို့ဆီပို့ထားတဲ့ အစီရင်ခံစာကိုကြည့်ပြီး ကျနော့်ကို ဖတ်ပြတယ်။ ဖတ်ပြတဲ့အတိုင်း ကျနော်တို့က ရေးထားတယ်။ ရေးထားပြီး လိုအပ်တဲ့အထောက်အထားအတွက် ကျနော်တို့က အစီရင်ခံစာကို ရထားတယ်။ တောင်းထားတယ်၊ ယူထားတယ်။ ယူထားတဲ့အတွက် ကျနော်တို့ဘက်က ခိုင်လုံတယ်၊ တိကျတယ်၊ စာရင်းစစ်ချုပ်ရုံးဆိုတာ သူ့ထက်ပိုပြီး သိနိုင်စရာ အကြောင်းမရှိပါဘူး။”

မေး။ ။ “အာဏာပိုင်တွေဘက်ကရော ဒီကိစ္စနဲ့ပတ်သက်လို့ တရားဝင်ပေါ့- အခုလို သတင်းစာထဲကမဟုတ်ဘဲ တရားဝင် The Voice ကို အကြောင်းကြားတာ၊ ဒါမှမဟုတ်လို့ရှိရင် တစုံတရာ ဖိအားပေးတာ ရှိပါသလား။”

“မရှိပါဘူး ခင်ဗျ”

မေး။ ။ “အဲဒီတော့- အခုအနေအထားက အစိုးရကိုယ်တိုင်ကလည်း ပြောပါတယ်။ စတုတ္ထမဏ္ဍိုင်နဲ့ပတ်သက်လို့ ကဏ္ဍတရပ်အနေနဲ့ ရှိသင့်တယ်ဆိုတဲ့ အနေအထားမှာ အခုလို ရေးသားလာတဲ့ကိစ္စအပေါ် ကိုကျော်မင်းဆွေတို့ဘက်က ဒါက မှန်ကန်တယ်၊ တိကျတယ်၊ ဖော်ပြတယ်။ တဘက်က အစိုးရဘက်က ဖြစ်လာတဲ့ကိစ္စနဲ့ပတ်သက်လို့ ကိုကျော်မင်းဆွေတို့ ဘယ်လို ယူဆနေလဲ”

“ကျနော်တို့က ဘယ်လိုယူဆသလဲဆိုတော့- အစိုးရအဖွဲ့ပေါ့နော်၊ နိုင်ငံတော်သမ္မတကြီး အပါအဝင် အစိုးရအဖွဲ့-သမ္မတကြီးကရော ပြည်သူ့လွှတ်တော် ဥကဋ္ဌကရော - ပြောမယ်ဆိုရင်တော့ အုပ်ချုပ်ရေးမဏ္ဍိုင်ကရော - ဥပဒေပြုရေးမဏ္ဍိုင်ကရော စတုတ္ထမဏ္ဍိုင်ကို အသိအမှတ်ပြုတဲ့သဘော၊ စတုတ္ထမဏ္ဍိုင်ရဲ့အင်အား၊ စတုတ္ထမဏ္ဍိုင်ရဲ့ ကူညီမှု၊ နိုင်ငံတည်ဆောက်တဲ့အခါမှာ လိုအပ်တယ်ဆိုတာ ပြောထားပြီးသားပေါ့နော်- ပြောထားပြီးသားဖြစ်တဲ့အတွက် ကျနော်တို့ကလည်း ကျနော်တို့ မီဒီယာရဲ့တာဝန်ကို ထမ်းဆောင်တာ၊ ထမ်းဆောင်တာဟာ စာရင်းစစ်ချုပ်ရုံးက အစီရင်ခံစာထဲမှာပါတဲ့ ဝန်ကြီးဌာနတွေကို ကျနော်တို့က နစ်နာစေလိုတဲ့ရည်ရွယ်ချက်နဲ့ ရေးတာမဟုတ်ဘူး။ မဟုတ်တဲ့အတွက် ကျနော်တို့က ကျနော်တို့တာဝန် ကျနော်တို့ထမ်းတဲ့အတွက် ကျနော်တို့က လိပ်ပြာလုံပါတယ်။ တဘက်မှာလည်း စနစ်ပြောင်းနေတဲ့ ကာလမျိုးမှာကတော့ စနစ်ဟောင်းက အတွေးအခေါ် ခံယူချက်မျိုးနဲ့ သတင်းတွေအပေါ်မှာ၊ မီဒီယာအပေါ်မှာ အဓိပ္ပာယ်ကောက် လွဲတာတို့၊ ကိုယ်လိုရာဆွဲပြီး တွေးမိတာတို့ ရှိကောင်းရှိပါလိမ့်မယ်။ ရှိတဲ့အတွက် ဒါကို ကျနော်တို့က ခြိမ်းခြောက်တယ် ဆိုတာမျိုးထက် အဓိပ္ပာယ်ကောက် လွဲတယ်လို့ပဲ သုံးသပ်ပါရစေ”

မေး။ ။“ဒါပေမဲ့ အခုလို သတင်းစာထဲမှာ ရေးသားလိုက်ခြင်းအားဖြင့် - တစုံတရာ အာဏာပိုင်တွေက ရေးသားလိုက်ခြင်းအားဖြင့် The Voice အနေနဲ့ လုပ်နိုင်ကိုင်နိုင်တဲ့အနေအထား၊ ဒါမှ မဟုတ်လို့ရှိရင် ရေးနိုင် သားနိုင်တဲ့အနေအထားမှာ တစုံတရာ အနှောင့်အယှက် ဖြစ်လာနိုင်သလား”

“လောလောဆယ်အထိတော့ ကျနော်တို့အားလုံးဟာ ပြန်ကြားရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ စာပေစိစစ်ရေးကို တင်ပြရ ဖြတ်ကြရသေးတာကိုး၊ ဖြတ်ရသေးတဲ့အတွက် ဒီလို ယာယီကာလမှာတော့ တချို့ဟာလေးတွေကို နဂိုရ်ကထက် စာရင်တော့ နည်းနည်းပါးပါး ထိန်းထိန်းသိမ်းသိမ်း စိစစ်ပြီးဖြတ်တာလေးတွေတော့ ရှိကောင်းရှိလာနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒါက အဲလိုလုပ်ခြင်းကလည်း ကျနော်တို့ သတင်းလောကသားတွေ သူတို့ဘာသာသူတို့ ထိန်းချုပ်အောင်၊ တွန့်သွားအောင်လုပ်လို့ရမယ်လို့ ကျနော်တော့ မယူဆဘူးခင်ဗျ။ ကျနော်တို့အားလုံးက နိုင်ငံကို အားလုံးဝိုင်းပြီး ပံ့ပိုးကူညီ တည်ဆောက်မယ့်သူတွေချည့်ပဲလို့ အားလုံးကို ရှုမြင်ထားပါတယ်။ အဲဒီအတွက် ပဋိပက္ခအသွင် ဆောင်သွားမှာမျိုးကိုတော့ ကျနော် မလိုလားပါဘူး။ အဲဒီတော့ ဒါကို အလိမ္မာနဲ့ ရှေ့ကို မြော်မြင်ပြီးတော့- သုံးသပ်ဆင်ခြင်ပြီးတော့ ပြဿနာတစ်ခုကို ချဉ်းကပ်ကြဖို့ပဲ အားလုံးကို အကြံပေးချင်ပါတယ်”

ဒါကတော့ - The Voice Weekly အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့ တုံ့ပြန်ချက်ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ မီဒီယာတွေကို နိုင်ငံတော်ရဲ့ အရေးပါတဲ့ စတုတ္ထမဏ္ဍိုင်အဖြစ်နဲ့ အစိုးရအဖွဲ့ သမ္မတ မိန့်ခွန်းမှာရော လွှတ်တော်ခေါင်းဆာင်တွေရဲ့ ပြောဆိုချက်တွေမှာပါ တွေ့ရတာပါ။ ဒါကြောင့် အခု အဖြစ်အပျက်က အာဏာပိုင်တွေနဲ့ ပတ်သက်လို့ ဝေဖန်ရေးသားမှုအပေါ် ခြိမ်းခြောက်တဲ့ အနေအထားမျိုးဖြစ်တယ်လို့ ပြည်တွင်း မီဒီယာသမားအချို့က ပြောဆိုပါတယ်။

XS
SM
MD
LG