သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ရေပိုင်နက်အငြင်းပွားမှု ဘင်္ဂလားဒေ့ရှ်နိုင်


မြန်မာနိုင်ငံနဲ့ ရေနယ်နိမိတ် အငြင်းပွားမှုမှာ ဘင်္ဂလားဒေ့ရှ်ကို ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင်ရာ နိုင်ငံတကာ တရားရုံးက အနိုင်ပေးလိုက်ပြီလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ နှစ်ပေါင်းများစွာ အချေအတင် ဖြစ်နေရတဲ့ ရေပိုင်နက်ကိစ္စအပေါ် ဂျာမဏီနိုင်ငံ Hamburg မြို့ တရားခွင်က ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်ချက် ချမှတ်လိုက်တာပါ။

သီးသန့် စီးပွားရေးဇုန်နယ်မြေ အပါအဝင် သူပိုင်၊ ကိုယ်ပိုင် ရေပိုင်နက် အငြင်းပွားရာက ကုလသမဂ္ဂ တရားရုံးက အဆုံးအဖြတ်ပေးဖို့ ၂ဝဝ၉ ခုနှစ်မှာ စတင် လျှောက်ထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာတော့ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံက နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်သူ အကျိုးဆောင်တွေနဲ့ အပြန်အလှန် လျှောက်လဲချက်တွေ တင်ခဲ့ကြပါတယ်။ ထောက်ခံမဲ ၂၁ မဲ ကန့်ကွက်မဲ ၁ မဲနဲ့ ဆုံးဖြတ်လိုက်တဲ့ တရားရုံးရဲ့ စီရင်ချက်ကိုတော့ အယူခံ ပြန်လျှောက်ခွင့်လည်း မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး Dipu Monti က ဆုံးဖြတ်ချက် ချမှတ်အပြီးမှာ ပြောခဲ့တာပါ။

ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေ ရှိနိုင်တယ်လို့ ယုံကြည်နေကြတဲ့ ရေပိုင်နက် ပြဿနာကြောင့် လွန်ခဲ့တဲ့နှစ်တွေအတွင်း ၂ နိုင်ငံကြား တင်းမာမှုတွေလည်း ရှိခဲ့ပါတယ်။ နိုင်ငံတကာ ပင်လယ်ပြင် ဥပဒေအရ ကမ်းလွန် ရေမိုင် ၁၂ မိုင် အထိဆိုရင် နိုင်ငံတနိုင်ငံရဲ့ ရေပိုင်နက်ဖြစ်ပြီး ကမ်းလွန် မိုင် ၂ဝဝ ဆိုရင်တော့ သီးသန့် စီးပွားရေးဇုန်နယ်မြေအဖြစ် သတ်မှတ်လေ့ရှိပေမဲ့ အခု အငြင်းပွားနေကြတဲ့ ရေပိုင်နက်ဟာ ကပ်လျက်ရှိနေတဲ့ မြန်မာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံ ကြား တည်ရှိနေတာမို့ အချေအတင် ဖြစ်စရာတွေလည်း ကြုံခဲ့ရတာပါ။

ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတို့ကြား အငြင်းပွားနေတဲ့ အမှုကိုတော့ ကုလသမဂ္ဂရဲ့တရားခွင်က ၂ဝ၁၄ ခုနှစ်မှာ ဆုံးဖြတ်ချက် ချလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

XS
SM
MD
LG