အီရန်နိုင်ငံရဲ့ ဥသျှောင် Ayatollah Ali Khamenei ကို အန်တုမှုနဲ့ တိုင်းပြည်စီးပွားရေးကို မကိုင်တွယ်နိုင်ဘူးဆိုပြီး ဥပဒေပြုအမတ်တွေက စွပ်စွဲနေတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဗုဒ္ဓဟူးနေ့က လွှတ်တော်တွင်း ကြားနာစစ်ဆေးရာမှာ သမ္မတ Mahmoud Ahmadinejad ကတော့ သူ့အပေါ် ဝေဖန်မှုတွေကို ပယ်ချသွားပါတယ်။
အီရန်နိုင်ငံမှာ သမ္မတတစ်ဦးအပေါ် သူ့ရဲ့မူဝါဒတွေနဲ့ ပတ်သက်လို့ ထွက်ဆိုဖို့ လွှတ်တော်က ဆင့်ခေါ်တာဟာ ဒါဟာ ပထမဆုံးလည်း ဖြစ်ပါတယ်။ ကြားနာစစ်ဆေးမှုကိုလည်း နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ တိုက်ရိုက် ပြသခဲ့တာပါ။ ဒီနှစ်ဆန်းပိုင်း လွှတ်တော် ရွေးကောက်ပွဲတွေမှာ အကြီးအကျယ် အသာရခဲ့ချိန်ကစလို့ သမ္မတအပေါ် ရှေးရိုးစွဲ ဝါဒီတွေရဲ့ဝေဖန်ချက်တွေ ကြီးထွားလာနေတာလည်း ဖြစ်ပါတယ်။
ကြားနာမှု အတွင်းမှာတော့ အီရန်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု ပြဿနာ၊ တီဟီရန် မြို့ပတ်ရထား လုပ်ငန်းအတွက် အစိုးရက ဘဏ္ဍာရေးအရ ပံ့ပိုးမှု မပေးတာ၊ ပြီးခဲ့တဲ့နှစ်ထဲ ၁၁ ရက် အလုပ်မလာတာ၊ နောက်ပိုင်းမှာ တိုင်းပြည် ဥသျှောင်ခေါင်းဆောင်က လက်မခံဘဲ ပယ်ချခဲ့တဲ့ သမ္မတက ထောက်လှမ်းရေး ဝန်ကြီးကို ရာထူးကဖြုတ်ဖို့ ဆုံးဖြတ်ခဲ့တာတွေကို ဥပဒေပြုအမတ်တွေက မေးခွန်းထုတ်ခဲ့ကြတာပါ။
သမ္မတကတော့ ငွေကြေးဖောင်းပွမှု ပြဿနာဟာ သူ့အစိုးရက အစားအသောက်နဲ့ လောင်စာဆီ အတွက် စိုက်ထုတ်ကူညီနေတဲ့ အစီအစဉ်တွေကို ၂ဝ၁ဝ ပြည့်နှစ်တုန်းက ပယ်ဖျက်တဲ့ ဆုံးဖြတ်ချက်နဲ့ မဆိုင်ဘူးလို့ ကာကွယ်ပြောဆိုသွားပါတယ်။ ထောက်လှမ်းရေးဝန်ကြီးကို ရာထူးကမဖြုတ်ဖို့ အီရန်ဥသျှောင်ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့အနေနဲ့ အလုပ်ကို ၁၁ ရက်ကြာ မလာတာလို့ စွပ်စွဲနေပေမဲ့ သမ္မတကတော့ မိတ်ဆွေတွေက အနားယူဖို့ပြောတဲ့အတွက် သူရုံးမတက်တာလို့ ဖြေကြားသွားပါတယ်။