သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စုဝေးခွင့်ဥပဒေ ပြန်ပြင်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို


မြန်မာနိုင်ငံမှာ ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့် ဥပဒေမှာ အားနည်းချက်တွေ ရှိနေတာကြောင့် ပြင်ဆင်ဖို့လိုတယ်လို့ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်အကဲခတ်နေတဲ့ Human Rights Wtach က ပြောလိုက်ပါတယ်။

လွတ်လပ်စွာ စုဝေးခွင့်နဲ့ စီတန်းလမ်းလျှောက်ခွင့် ဥပဒေဟာ နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ကြာသပတေးနေ့မှာပဲ ကြေညာချက် တစောင် ထုတ်ပြန်ပြောဆိုလိုက်တာပါ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြု ပေးလိုက်တဲ့ ဥပဒေအရ ငြိမ်းချမ်းစွာ စုဝေးမှုတွေ၊ စီတန်းလမ်းလျှောက်တာတွေ လုပ်ဆောင်ဖို့အတွက် အာဏာပိုင်တွေထံ ခွင့်ပြုချက် လျှောက်ထားဖို့နဲ့ ဖောက်ဖျက်သူတွေအနေနဲ့ ထောင်ဒဏ်ပြစ်ဒဏ်တွေ ကျခံနိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောဆိုခဲ့တာပါ။

အရင်တုန်းက ဆန္ဒပြ လှုပ်ရှားမှုတွေကို တားမြစ်ထားတာကို ဥပဒေသစ်က အခုအခါ ခွင့်ပြုလိုက်ပေမဲ့ ကြွေးကြော်သံတွေ တိုင်မယ် ဆိုရင်လည်း ကြိုတင် ခွင့်ပြုချက် ယူရတာမျိုးလို ထိန်းချုပ်မှုတွေ ရှိနေတုန်းပဲလို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ တွေ့မြင်လာနေရတဲ့ အပြောင်းအလဲတွေအပေါ် စိတ်အားတက်ကြွနေပေမဲ့လည်း အရင်က မရှိဖူးတာတွေ ရှိလာရုံနဲ့ အစိုးရကို အမှတ်ပေးမနေကြဘဲ ဥပဒေတွေကို နိုင်ငံတကာ စံချိန်စံနှုန်းတွေအတိုင်း ဖြစ်အောင် ဖိအားပေးသင့်တယ်လို့လည်း Human Rights Wtach အဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams က ကြေညာချက်ထဲမှာ တိုက်တွန်းသွားတာပါ။ ဒါကြောင့်လည်း မြန်မာနိုင်ငံက လွှတ်တော်တွင်းမှာ ဒီဥပဒေကို ပြန်လည် ပြင်ဆင်နိုင်ရေး ကြိုးပမ်းဖို့နဲ့ တချိန်တည်းမှာပဲ ပြည်ထဲရေး ဝန်ကြီးဌာနလို အာဏာပိုင် အဖွဲ့အစည်းတွေအနေနဲ့ ဥပဒေတွေရဲ့ ပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ Human Rights Wtach အဖွဲ့က တောင်းဆိုထားပါတယ်။

XS
SM
MD
LG