သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအုံကြွမှု နှစ်ပတ်လည် သေဆုံးသူများပြား


ဆီးရီးယားနိုင်ငံမှာ လူထုအုံကြွမှုတွေ ဖြစ်ပွားခဲ့တာ ၁ နှစ်ပြည့်ချိန်မှာပဲ ကြာသပတေးနေ့က အတိုက်အခံတွေအပေါ် လုံခြုံရေးတပ်တွေရဲ့ နှိမ်နင်းမှုတွေအတွင်း လူပေါင်း ၂၃ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။

အစိုးရပိုင် ရုပ်မြင်သံကြားမှာတော့ သမ္မတကို ထောက်ခံတဲ့ လူထုစုဝေးပွဲတွေကို ပြသခဲ့တာပါ။ နိုင်ငံအနောက်မြောက်ဘက်က Idlib ဒေသမှာ အလောင်း ၂၃ လောင်းကို စွန့်ပစ်ထားတာ တွေ့ရပြီး အလောင်းတချို့မှာ ညှင်းပမ်းနှိပ်စက်ထားတဲ့ လက္ခဏာတွေကို တွေ့ရတဲ့အကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောပါတယ်။ နိုင်ငံပိုင် သတင်းတွေမှာတော့ Idlib ဒေသ ဆင်ခြေဖုံးအရပ်မှာ လက်နက်ကိုင် အုပ်စုတချို့နဲ့ အစိုးရတပ်တွေ ပဋိပက္ခဖြစ်ပွားပြီး အကြမ်းဖက်သမား အများအပြားကို သုတ်သင်ခဲ့တယ်လို့ ကြေညာခဲ့တာပါ။

အတိုက်အခံတွေအပေါ် နှိမ်နင်းမှုတွေ အဆုံးသတ်ဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေ မအောင်မမြင် ဖြစ်ခဲ့ရပြီးတဲ့နောက်မှာပဲ ဆီးရီးယား အစိုးရက Idlib ဒေသ နေရာအတော်များများကို ဝင်ရောက်သိမ်းပိုက်ခဲ့သလို အတိုက်အခံ သူပုန်တွေက တော်လှန်ရေးအစပြုရာ နယ်မြေအဖြစ် ခေါ်ဝေါ်တဲ့ တောင်ပိုင်းက Daraa မြို့မှာလည်း လပေါင်းများစွာအတွင်း အပြင်းထန်ဆုံးအဖြစ် စီးနင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံအနှံ့မှာတော့ သူပုန်တွေ တပ်ဆုတ်ပေးနေကြရပြီး အတိုက်အခံတွေရဲ့ လှုပ်ရှားမှုတွေဟာလည်း ပြန့်ကျဲလာခဲ့ကြတာပါ။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Alain Juppe ကတော့ အတိုက်အခံတွေကို လက်နက်တပ်ဆင်ပေးတာဟာ နောက်ထပ် ပြဿနာတွေ ကြီးထွားလာနိုင်တာမို့ ပြင်သစ်နိုင်ငံကတော့ လက်မခံဘူးလို့ ကြာသပတေးနေ့မှာပဲ ပြောခဲ့ပါတယ်။

XS
SM
MD
LG