သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကော်မရှင် အားနည်းချက်ရှိဟု Derek Mitchell ဝေဖန်


မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲ (Derek Mitchell) က - ကြားဖြတ်ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ အခြေအနေတွေကို ပိုမိုသိရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ မန္တလေးမြို့မှာ နိုင်ငံရေးပါတီ တချို့နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီလို တွေ့ဆုံချိန် - ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေမှာ အားနည်းချက်တွေ ရှိနေတာတွေ့ရတယ်လို့ ဝေဖန်ခဲ့တဲ့အကြောင်း ဒဲရက်ခ် မစ်ချဲနဲ့ တွေ့ဆုံခဲ့တဲ့ NLD မန္တလေးတိုင်း အောင်နိုင်ရေးအဖွဲ့ဝင်တဦးက ဗွီအိုအေ ကို ပြောပြပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပဖို့ရာ ရက်ပိုင်းသာ လိုတော့တဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံရေးပါတီတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာတွေကို ပိုမိုသိရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဒဲရက်ခ် မစ်ချဲ ဟာ - ဒီကနေ့ သောကြာနေ့မှာ မန္တလေးကို သွားရောက်ပြီး ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့တာပါ။ မနက်ပိုင်းမှာတော့ မန္တလေး NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ၁ နာရီနီးပါးကြာ NLD အောင်နိုင်ရေးအဖွဲ့ဝင်တွေအပြင် NLD လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ အဲ့လို တွေ့ဆုံချိန် NLD ပါတီ ကြုံတွေ့ ရတဲ့ မဲဆွယ်စည်းရုံးရေးကာလ အခက်အခဲတွေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တယ်လို့ ဒီတွေ့ဆုံမှုမှာပါဝင်တဲ့ အောင်နိုင်ရေးအဖွဲ့ဝင် ဦးမျိုးနိုင်က ပြောပါတယ်။

အဲ့ဒီနောက် မစ္စတာ မစ်ချဲ က ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး အခုလို ဝေဖန်ခဲ့တဲ့အကြောင်း ဦးမျိုးနိုင် က ဗွီအိုအေ ကို ပြောပြပါတယ်။

“သူတို့က နေပြည်တော်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ခဲ့တယ်။ ပြည်ထောင်စုကော်မရှင်နဲ့ တွေ့ရတာမှာ ဒီတခေါက်မှာ အရင်နဲ့မတူဘူး။ ထူးခြားတဲ့ တိုးတက်မှုတွေရှိတယ်လို့ သူတို့မြင်တယ်ပေါ့နော်။ ဒါပေမဲ့ ကျနော်တို့လို ဒီဘက်မှာ မြို့နယ်တွေ တိုင်းတွေမှာ သူတို့ လေ့လာကြည့်တဲ့အခါမှာ ကော်မရှင်ရဲ့ အားနည်မှုတွေကို သူတို့ တွေ့နေရတယ်ပေါ့နော်။ ဒီဟာတွေကို သူတို့ တတ်နိုင်သ၍ ပြောပြမယ်လို့ သူတို့က ပြောသွားပါတယ်။”

NLD လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင် ကလည်း မဲစာရင်းတွေမှာ မဲဆန္ဒရှင်တွေရဲ့ နာမည်တွေ ထပ်နေ တာအပါအဝင် လွဲမှားနေတာတွေနဲ့ပတ်သက်ပြီး သူ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို မစ္စတာ မစ်ချဲ နဲ့ တွေ့ဆုံချိန် ရှင်းပြခဲ့တယ်လို့ ဦးမျိုးနိုင် က ဆက်ပြောပြပါတယ်။

“ကျနော်တို့ဘက်ကလည်း ဒီမဲစာရင်းတွေ ကူးရတဲ့ အခက်အခဲ၊ ဆရာက မနေ့ကအထိ မဲစာရင်းကူးလို့ မပြီးသေးဘူး။ နောက်ပြီးတော့ မဲစာရင်းတွေထဲမှာ အမှားတွေပါတယ်။ မဲစာရင်းတွေထဲမှာ ထပ်နေတာတွေ တွေ့တယ်။ အဲ့လို မဲစာရင်းထဲမှာ ချို့ယွင်းချက်တွေ များနေတဲ့ အချက်အလက်များကို ဒေါက်တာ ဇော်မြင့်မောင်က ပြောပြတယ်။ နောက်တခုက ကျနော်တို့ အဲ့ဒီလို မဲစာရင်းတွေ ကူးနေတဲ့ အချိန်အတွင်း မှာပဲ အချိန်ကန့်သတ်မှုတွေရှိတယ်။ အချိန်ရရှိမှု နည်းတယ်ဆိုတဲ့အချက်ကိုလည်း အဓိကထား ပြောပါတယ်။”

NLD မန္တလေးတိုင်း အောင်နိုင်ရေးအဖွဲ့ဝင် ဦးမျိုးနိုင် ဖြစ်ပါတယ်။

နေ့ခင်းပိုင်းမှာတော့ အစိုးရရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေနဲ့လည်း မစ္စတာမစ်ချဲ တွေ့ဆုံခဲ့ရှိတယ်လို့ သိရပါတယ်။ အခုလို အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာမစ်ချဲဟာ ရွေးကောက်ပွဲ ဆိုင်ရာ အခြေအနေတွေကို ပိုမိုသိရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ မန္တလေးမှာ ရောက်ရှိနေချိန် - မန္တလေးတိုင်း နထိုးကြီးမြို့နယ်တွင်း မှာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုတ်ခတ်ထားတဲ့ စာရွက်စာတမ်းတချို့ ဖြန့်ဝေမှု ဒီကနေ့ သောကြာနေ့မှာပဲ ဖြစ်ပွားခဲ့ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး NLD နထိုးကြီးမြို့နယ်တာဝန်ခံ ကိုနိုင်ထူးအောင်က အခုလို ပြောပြပါတယ်။

“ဒီနေ့မနက် နထိုးကြီးဈေးနားမှာ ငါးမင်းဆွေက ကားပေါ်မှာ တယောက်တည်းထိုင်နေပါတယ်။ ဝေနေတာကတော့ အရွယ်မရောက်သေးတဲ့ ကလေးလေးတွေ ၁၀ နှစ်၊ ၁၂ နှစ်ကနေ အများဆုံးမှ ၁၆ နှစ်လောက်ပဲရှိမယ်။ မိန်းကလေး ၃ ယောက် ဝေနေတာခင်ဗျ။ ပုတ်ခတ်ရေးထားတာက ဘာတွေဘာလဲဆိုတော့- စီးပွားရေးပိတ်ဆို့မှု ဒီမှာလုပ်ထားတာ ဒေါ်အောင်ဆန်းစုကြည်က လုပ်တယ်ဆိုတဲ့အကြောင်း ပါတယ်ခင်ဗျ။ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည် လွတ်လပ်ရေးရဖို့ ဖက်ဆစ်ကို ခေါ်လာခဲ့တယ်ပေါ့နော်။ ဖက်ဆစ်စနစ်ကြောင့် မြန်မာပြည်သူတွေ ထိခိုက်နစ်နာတဲ့အခါမှာ ဗိုလ်ချုပ်က သူ့အမှားသူပြင်ပြီးတော့ ဖက်ဆစ်ကို ပြန်လည်တွန်းလှန်ခဲ့ပါတယ်ပေါ့။

စီးပွားရေးပိတ်ဆို့ခြင်း (sanction) မြန်မာပြည်ကို ဖိတ်ခေါ်တာဟာ ဒေါ်အောင်ဆန်းစုကြည်ပါ-ပေါ့နော်။ ဒီ sanction စနစ်ဆိုးကြီးကနေပြီးတော့ မြန်မာပြည်သူတွေ ထိခိုက်နစ်နာတာတွေ ဖြစ်ပေါ်လာတာကြောင့် မို့လို့ ဒီ sanction စနစ်ဆိုးကို မစုနဲ့ ကျနော်တို့က ဆန့်ကျင်တိုက်ခိုက်ရပါလိမ့်မယ်ဆိုပြီး - အဲဒီစာလေးလည်း ပါတယ်ခင်ဗျ။ အဲဒါကတော့ ကောက်ချက်ပေါ့နော်။ ငါး-မင်းဆွေမှ ဒေါ်အောင်ဆန်းစုကြည်သို့-အိတ်ဖွင့်ပေးစာဆိုပြီးတော့ အဲဒီစာလေးကို အောက်က ရည်ညွှန်းလေးရေးပြီးတော့ ထည့်ထားပါတယ်ခင်ဗျ။ အဲဒီဟာတွေကို ရဲစခန်းကိုလည်း အဲဒါတွေ ဝေနေတယ်ဆိုတဲ့အကြောင်း လာရောက်စုံစမ်းပေးဖို့ အကြောင်းကြားတော့ ရဲစခန်းကလည်း လာပါတယ်။ လုံခြုံရေးထိခိုက်မှာစိုးလို့ ဆက်ပြီး မဝေပါနဲ့လို့ မေတ္တာရပ်ခံပြီးတော့ မှတ်တမ်းမှတ်ရာတော့ မှတ်ထားပါတယ်။ ကော်မရှင်မှာရော၊ ရဲစခန်းမှာရော မှတ်တမ်းမှတ်ရာ မှတ်ထားပါတယ်။ သူ့ရဲ့နာမည်နဲ့ သူ့ရဲ့ထွက်ဆိုချက်တွေကိုရော မှတ်ထားပါတယ်။ ”

NLD နထိုးကြီးမြို့နယ်တာဝန်ခံ ကိုနိုင်ထူးအောင် ပြောပြသွားတာပါ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး - လစ်လပ်နေရာ ၄၈ မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၄၈ နေရာစလုံးကို ဝင်ပြိုင်ဖို့အတွက် ကိုယ်စားလှယ်လောင်း ၄၈ ယောက်ရဲ့ အမည်စာရင်းကို တင်သွင်းခဲ့ပေမဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးစောလှိုင်ကိုတော့ ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်ထားတာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG