သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တံတားနီ ၂၄ နှစ်ပြည့် အထိမ်းအမှတ် ပထမဆုံးကျင်းပ


မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြောင်းလဲမှုတွေရှိလာတာဟာ လွယ်လွယ်ကူကူ ဖြစ်ခဲ့တာ မဟုတ်ဘဲ အသက်ပေါင်းများစွာနဲ့ အချိန်ကာလ ကြာမြင့်စွာ ပေးဆပ်ထားရတာမို့ ပြုပြင်ပြောင်းလဲရေးတွေကို အလျှင်အမြန် ပိုတိုးတက်အောင် ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကတိုက်တွန်းလိုက်ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုကြီးတွေကို စပြီး အခြေခံခဲ့တဲ့ မြန်မာ့သမိုင်းလှုပ်ရှားမှုတွေထဲက တစ်ခုဖြစ်တဲ့ တံတားနီနေ့ အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် တရားဝင် ရန်ကုန်မှာ ဒီကနေ့ ကျင်းပခဲ့ကြပြီး အခုလို မြန်မာ့အရေးအတွက်လည်း တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာ့နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး ရှားမှုကြီးတွေအတွက် သမိုင်းဝင် ဖြစ်ခဲ့တဲ့ ၈ လေးလုံး လှုပ်ရှားမှုတွေထဲမှာ ထင်ရှားတဲ့ တံတားနီနေ့ဟာဖြင့် ဒီကနေ့ ဆို ၂၄ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ ၁၉၈၈ မှာ ရန်ကုန် (ဝိဇ္ဇာ/သိပ္ပံ) တက္ကသိုလ်မှာ သွေးမြေကျခဲ့ရတဲ့ ဒီနေ့ကို အားလုံးက တံတားနီနေ့ ရယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ၁၉၈၉ ကစလို့ ဒီနေ့ အခမ်းအနားတွေကို ကျင်းပခွင့်မပေးဘဲ ပိတ်ပင်ထားပေမယ့် အခု ၂၄ နှစ်ကြာ ကာလအတွင်း ဒီကနေ့ဟာ အားလုံး စုံညီစွာ ပထမဆုံး တရားဝင် ကျင်းပခွင့်ရတဲ့နေ့လည်း ဖြစ်ပါတယ်။
ဒီလိုဆုံစည်းခွင့် ဒီ်လိုအောက်မေ့သတိရတဲ့ အခမ်းအနားတွေ အခုလို ကျင်းပခွင့်ရလာအောင် ပေးဆပ်ခဲ့တဲ့ တန်ဖိုးတွေဟာ များလှပါတယ်လို့လည်း ဒီသမိုင်းတွေထဲ ပါဝင်ခဲ့သူတွေက ဆိုပါတယ်။ အထူးသဖြင့်ကတော့ အပြောင်းအလဲတွေ ရှိလာနေပြီဆိုတဲ့ မြန်မာ့နိုင်ငံရေးတွေ၊ တခါ အခုလို အားလုံးစုံညီ တွေ့ခွင့်ရကြပြီဆိုတဲ့ အခြေအနေတွက လွယ်လွယ်ကူကူ ဖြစ်ခဲ့ ပြောင်းခဲ့ကြတာ မဟုတ်ဘဲ အသက်၊ သွေးတွေနဲ့အတူ ဘဝပေါင်းများစွာ အချိန်ကာလတွေ ကြာမြင့်စွာရင်းခဲ့ကြရတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ပြောပါတယ်။
“ဒီတံတားနီနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘာမှ ပြောခွင့်၊ ဆိုခွင့်၊ စုဝေးခွင့် မရခဲ့ပါဘူး။ ဒါဟာ ပထမဦးဆုံးလို့လည်း ပြောလို့ရပါတယ်။ ဒီစုစည်းခွင့်ရလောက်အောင် ကျနော်တို့ ပေးဆပ်ခဲ့ရတဲ့ ပေးဆပ်မှုတွေဟာ သေးသေးလေးတော့ မဟုတ်ဘူးပေါ့။ ကျနော်တို့ ကြီးကြီးမားမားကို ပေးဆပ်ပြီးမှသာ ဒီလို စုစည်းခွင့်တွေ ပြန်ပြီးတော့ ရရှိခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာပြည် အောက်ကျနောက်ကျ နိုင်လွန်းနေတဲ့ အခြေအနေကနေ ရုန်းထွက်ဖို့ ကြိုးစားကြရပါမယ်။ တမျိုးသားလုံး ညီညွတ်နိုင်ဖို့ ကြိုးစားကြရပါမယ်။ အဲဒီတော့ နိုင်ငံရေးဆိုတဲ့ ဟာက လူငယ်တွေမှာ မဆိုင်ဘူးလို့ မနေကြဘဲနဲ့ ုမြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးအတွက်ကို အားလုံးဝိုင်းဝန်းပြီးတော့ လုပ်ကြရပါလိမ့်မယ်။”
၁၉၈၈ မတ်လ ၁၃ ရက်နေ့မှာ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ပြီးတဲ့နောက် သူတို့ကို ကျောင်းသား ဈာပနအဖြစ် အစိုးရက လုပ်ပေးဖို့၊ တခါ ဒီ ပစ်သတ်ခံရတဲ့ကိစ္စကို ဖော်ထုတ်စုံစမ်းပေးဖို့ ဆိုတဲ့ တောင်းဆိုချက်တွေအပါအဝင် မြန်မာနိုင်ငံမှာ ကျောင်းသားသဂ္ဂလို အဖွဲ့ကြီးတွေ ပြန်လည်ဖွင့်ခွင့်ပေးရေးစတဲ့ ကျောင်းသား အခွင့်အရေးတွေကိုပေးဖို့ ကျောင်းသူကျောင်းသားတွေက ဆက်ပြီး တောင်းဆိုခဲ့ကြပါတယ်။
အဲဒီအထဲက ၁၉၈၈ မတ်လ ၁၆ ရက်နေ့က တံတားနီနေ့ရယ်လို့ သမိုင်းဝင်ခဲ့တဲ့ ရန်ကုန် (ဝိဇ္ဇာ/သိပ္ပံ) တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ ကြုံခဲ့ရတဲ့ အင်ယားကန်ဘောင်ရှေ့ မြင်ကွင်းတချို့ကိုတော့ ဒီလှုပ်ရှားမှုထဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုအောင်သူက အခုလို ပြောပြပါတယ်။
“အဲဒီမှာ ကျနော်တို့တောင်းတဲ့ တောင်းဆိုချက်တွေကို တိုင်းမှူးက လိုက်မှတ်ပြီးတော့ သူ့ရဲ့ အထက်အရာရှိနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ကျနော်တို့ကို အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက်နဲ့ ခေတ္တနေပေးပါဆိုလို့ ကျနော်တို့ အေးအေးဆေးဆေးငြိမ်ငြိမ်သက်သက်နဲ့ နေခဲ့ကြတယ်။ ဒီ ဒု-တိုင်းမှူးနဲ့ ညှိနှိုင်းနေတဲ့အချိန်မှာပဲ နောက်ဘက်က ကျောင်းသားထုတွေရဲ့ပြိုသံကို ကြားရပါတယ်။ ကျနော်တို့နောက်ကို လှည့်ကြည့်လိုက်တဲ့အခါကျတော့ ကျောင်းသားတွေက အကုန် ဖရိုဖရဲနဲ့ ပြိုဆင်းနေပြီ။ ပြိုဆင်းနေပြီဆိုတဲ့အခါကျတော့ ကျနော်တို့က အကုန်လုံးက ကန်ဘောင်ပဲရှိတယ်။ ကျနော်တို့မှာ ပြေးပေါက်မရှိဘူး။ ဒါကြောင့် အကုန်လုံး ကန်ဘောင်ပေါ်တက်ပြေးကြတယ်။ ကန်ဘောင်ပေါ်ကနေ ကြည့်တဲ့အခါကျတော့ နောက်ကနေပြီးတော့ အကုန် လုံထိန်းတွေက သိမ်းရိုက်တာပေါ့။ သိမ်းရိုက်လိုက်တဲ့ အခါ ကျတော့ တချို့ ကန်ဘောင်ထဲကို ပြေးဆင်းကြတယ်။ အဲဒီ ရေထဲကို နစ်သွားတဲ့ ကောင်မလေးတယောက်ဆိုလို့ရှိရင် လုံထိန်းတွေက ရေထဲနှစ်လိုက်၊ ရိုက်လိုက်၊ ရေထဲပြန်နှစ်လိုက်၊ ဆံပင်ဆွဲပြီးတော့မှ- အဲဒါမျိုးတွေကိုလည်း ကျနော်တွေ့တယ်။ ကျောင်းသားတယောက်က သူက ဖြတ်ပြီးတော့ကို အဖမ်းခံထားတာ။ ကျနော်က ကြောင်ပြီး လှည့်ကြည့်လိုက်တဲ့အခါကျတော့ သူက ဘာပြောသလဲဆိုတော့ - ခွေးတွေ ရိုက်တာတဲ့-လူတွေ ပြေးစရာမလိုဘူးဆိုပြီး သူက သေသေချာချာ သူ့ကိုယ်သူ အဖမ်းခံတာပါ။ အဲဒီတကွက်ကို ကျနော် မှတ်မိတယ်။”
ဒီ်လိုအတိတ်က ဖြစ်ရပ်ဆိုးတွေ၊ သမိုင်းဆိုးတွေကို လက်ရှိ နိုင်ငံမှာ သင်ခန်းစာယူကာ မြန်မာနိုင်ငံမှာ နောက်ထပ် အခုလို အခြေအနေဆိုးတွေ မကြုံကြရဖို့ လိုတယ်လို့လည်း ကိုအောင်သူက တိုက်တွန်းပါတယ်။
“အရှေ့မှာ ဆွေးနွေးညှိနှိုင်းမှုတွေပြုပြီးတော့ အနောက်ကနေ ချောင်းရိုက်တဲ့ ဒီစစ်အစိုးရပြုကျင့်ခဲ့တဲ့ အပြုအမူ၊ အကျင့်အကြံတွေပေါ့နော်၊ အဲဒီ သမိုင်းဆိုးအမွေတွေကို ဒီ လက်ရှိ ဦးသိန်းစိန်အစိုးရကနေ မဆက်ခံစေချင်ဘူး၊ ကျနော်တို့ အခု ဆွေးနွေးညှိနှိုင်းမှုဆိုတဲ့ လမ်းကြောင်းကို ကျနော်တို့လျှောက်နေကြတယ်။ ရိုးရိုးသားသား၊ ဖြူဖြူစင်စင်၊ သန့်သန့်ရှင်းရှင်းနဲ့-ဆောင်ရွက်တာမျိုးကို ကျနော်လိုချင်တယ်ပေါ့နော်။”
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုအောင်သူက သူ တံတားနီနေ့မှာ ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ အခြေနေတွေကို ပြောပြခဲ့တာပါရှင်။
၂၄ နှစ်ပြည့် တံတားနီနေ့ အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်ရွှေဂုံတိုင်မှာရှိတဲ့ တို့ရိုးရာ ဆိုတဲ့ ခန်းမမှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ၊ စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတွေအပြင် ရန်ကုန် (ဝိဇ္ဇာ/သိပ္ပံ) တက္ကသိုလ် ကျောင်းသူကျောင်းသားဟောင်းတွေက ဦးစီးကျင်းပခဲ့ကြတာပါ။
ဒီအခမ်းအနားကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ပါတယ်။ ဒီအခမ်းအနားကို လာတာဟာ အားပေးဖို့ လာတာမဟုတ်ဘဲ အားလုံးနဲ့အတူ အတူတကွပူးပေါင်းမှုရှိတယ်ဆိုတာနဲ့အတူ ကျဆုံးသူတွေ၊ ပါဝင် လှုပ်ရှားခဲ့ကြသူတွေရဲ့ သစ္စာတရားကို ဂုဏ်ပြုလိုတာကြောင့် လာခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့အပြင် မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုတွေထဲမှာ တပ်မတော်မပါရဘူးဆိုတဲ့ အယူအဆကို သူလက်မခံသလို အားလုံးပါဝင်နေတဲ့ နိုင်ငံရေးထဲမှာ တပ်မတော်သားတွေလည်း ပါဝင်ဖို့လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
XS
SM
MD
LG