သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာပတ်လမ်းကြောင်းထဲ မြောက်ကိုရီးယား ဂြိုဟ်တုပစ်လွှတ်မည်


မြောက်ကိုရီးယားနိုင်ငံက လာမယ့် ဧပြီလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် သမ္မတဟောင်း ကင်အီဆွန်းရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့အထိမ်းအမှတ်အဖြစ်နဲ့ ရှေ့လကျရင် အာကာသထဲကို ဂြိုဟ်တုတစ်လုံး လွှတ်တင်မယ်လို့ ကြေညာ လိုက်ပါတယ်။

ကမ္ဘာပတ်လမ်းကြောင်းအတွင်း သုတေသနပြုလုပ်မယ့် ပြည်တွင်းဖြစ် အဲဒီဂြိုဟ်တုကို အန်ဟာ-၃ အမျိုးစား တာဝေးပစ် ဒုံးပျံကို အသုံးပြုပြီး ပစ်လွှတ်မှာဖြစ်ကြောင်း မြောက်ကိုရီးယား အာကာသ သိပ္ပံကော်မတီက နိုင်ငံပိုင်မီဒီယာကတဆင့် ကြေညာလိုက်ပါတယ်။

ဂြိုဟ်တုကို စိတ်ချလက်ချ လွှတ်တင်နိုင်ဖို့ အန်ဟာ-၃ အမျိုးအစား ဒုံးပျံကို အသုံးပြုရတာဖြစ်ပြီး ဒုံးပျံရဲ့ အစအနတွေဟာ အိမ်နီးချင်းနိုင်ငံတွေကို သက်ရောက်စေမှု လုံးဝရှိမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားနိုင်ငံက ပြောပါတယ်။

၂၀၀၉ ခုနှစ်မှာ တကမ္ဘာလုံးကနေ မြောက်ကိုရီးယားနိုင်ငံအပေါ် ဝိုင်းဝန်းပြစ်တင် ရှုတ်ချတာကို ခံခဲ့ရတဲ့ တာဝေးပစ် ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်မှု ပြုလုပ်ခဲ့အပြီး သုံးနှစ်အကြာမှာ အခု အလားတူ ဒုံးပျံကို အသုံးပြုပြီး ဂြိုဟ်တုကို ပစ်လွှတ်မှာ ဖြစ်ပါတယ်။

ဒီလိုဂြိုဟ်တုလွှတ်တင်မှုဟာ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီယားနဲ့ ဒုံးလက်နက်ဆိုင်ရာ ကိစ္စတွေကို ဆောင်ရွက်ခြင်း မပြုလုပ်ဖို့ ချမှတ်ထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ သတင်းပတ်တုန်းကပဲ တာဝေးပစ်ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်မှု ရပ်ဆိုင်းထားရေး အပါအဝင် သဘောတူညီမှုတရပ်ကို အမေရိကန်နဲ့ ချုပ်ဆိုပြီး တန်ချိန် ၂ သိန်း၊ ၄ သောင်းရှိတဲ့ စားနပ်ရိက္ခာ အထောက်အပံ့တွေ အမေရိကန်ထံကနေ ရယူဖို့ သဘောတူညီခဲ့ပါတယ်။

ဒီလို ဒုံးပျံပစ်လွှတ်မယ်ဆိုတဲ့အစီအစဉ်ဟာ ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်ရာရောက်ပြီး မြောက်ကိုရီးယားအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အပြင် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာ ရမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန်က ဒီကနေ့ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ နောက်တဆင့် မတက်ခင် နိုင်ငံတကာဆွေးနွေးဘက် နိုင်ငံတွေနဲ့ အရင် ဆွေးနွေးတိုင်ပင်မှုတွေ လုပ်အုံးမယ်လို့ ဆိုပါတယ်။

XS
SM
MD
LG