သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲလေ့လာဖို့ အာဆီယံကို မြန်မာဖိတ်ခေါ်


မကြာခင် ကျင်းပတော့မယ့် ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံကို မြန်မာအစိုးရ တရားဝင် ဖိတ်ခေါ်လိုက်ပါပြီ။ အခုလို အာဆီယံအသင်း ရွေးကောက်ပွဲကို လာရောက်လေ့လာမယ်ဆိုတဲ့ အခြေအနေကို တိုးတက်မှုတရပ်အနေနဲ့ မြန်မာ့ အရေး လေ့လာသူတွေကတော့ ရှုမြင်ပါတယ်။ ဒါပေမယ့် အာဆီယံက အစပြုပြီး အခြား နိုင်ငံတကာနဲ့ ပြည်တွင်း လေ့လာရေးအဖွဲ့တွေကို ခွင့်ပြုဖို့ကိုလည်း တဘက်က မျှော်လင့်နေကြ ပါတယ်။ ကိုသားညွန့်ဦးက မေးမြန်းတင်ပြထားပါတယ်။

********

အာဆီယံအသင်းကြီးရဲ့ အတွင်းရေးမှုးချုပ်ရုံးက ငါးဦးပါ ကိုယ်စားလှယ်အဖွဲ့နဲ့ အာဆီယံနိုင်ငံ တနိုင်ငံချင်းက လွှတ်တော်အမတ်နှစ်ဦးစီကို လာမယ့် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်နိုင်ဖို့ မြန်မာအစိုးရက တရားဝင် ဖိတ်ကြားလိုက်ပြီလို့ အာဆီယံအသင်းက ထုတ်ပြန်လိုက်ပါတယ်။ ဒီအဖွဲ့တွေနဲ့အတူ သတင်းမီဒီယာ ကိုယ်စားလှယ်တွေလည်း ပါဝင်ခွင့် ပေးထားပါတယ်။ လာမယ့် မတ်လ ၂၈ ရက်နေ့ အရောက် ရန်ကုန်ကို လာရောက်ဖို့ ဖိတ်ကြားထားတာပါ။ အခုလို ဖိတ်ကြားမှုဟာ တိုးတက်မှုတခုလို့ မြန်မာ့အရေးလေ့လာသူတွေက မြင်ပါတယ်။ ဒါပေမဲ့လည်း အစိုးရသက်သက်တင်မဟုတ်ဘဲ အခြားအစိုးရမဟုတ်တဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့တွေ အာဆီယံအတွင်း လူထုအခြေပြုအဖွဲ့အစည်းတွေကိုလည်း ခွင့်ပြုသင့်တယ်လို့ အင်ဒိုနီးရှား လွှတ်တော်အမတ် Eva Sundari က ပြောပါတယ်။

“ ဒါကို တိုးတက်မှု အနည်းအကျဉ်းအနေနဲ့ မြင်လို့ရပါတယ်။ ဒါပေမဲ့ အခုလို အစိုးရသက်သက်တင် ဖိတ်ကြားရုံမဟုတဘဲ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကိုပါ လေ့လာစောင့်ကြည့်ခွင့်ပေးမယ်ဆိုရင် ပိုပြီး ဝမ်းမြောက်စရာကောင်းမှာပါ။ အထူးသဖြင့် ရွေးကောက်ပွဲတွေနဲ့ပတ်သက်လို့ စိတ်ဝင်တစား စောင့်ကြည့်တဲ့အဖွဲ့အစည်းတွေကို ဖိတ်ကြားသင့်ပါတယ်။”

အာဆီယံဒေသတွင်းနိုင်ငံတွေရဲ့ ရွေးကောက်ပွဲအတော်များများမှာ အစိုးရလေ့လာသူတွေမဟုတ်ဘဲ လွတ်လပ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေကိုပါ ဖိတ်ကြားလေ့ရှိပါတယ်။ ဒါကြောင့်လည်း ဒေသတွင်း အစိုးရမဟုတ်တဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေကလည်း မြန်မာနိုင်ငံ ရွေးကောက်ပွဲကို လေ့လာခွင့်ရဖို့ စိတ်အားထက်သန်နေပါတယ်။ ဒါ့အပြင် အခြား ကုလသမဂ္ဂတို့ အီးယူ ဥရောပသမဂ္ဂတို့လို ကျယ်ပြန်တဲ့နိုင်ငံတကာအဖွဲ့အစည်းတွေပါ ဝင်ရောက် လေ့လာခွင့်ရစေချင်တယ်လို့ မြန်မာ့အရေးသုံးသပ်သူ မြန်မာလူထုအခြေပြုအဖွဲ့အစည်းများဆိုင်ရာ ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။

“၂၀၁၀တုန်းကလည်း အင်ဒိုနီးရှားအစိုးရအနေနဲ့က လာရောက်လေ့လာသူအနေနဲ့ လာနိုင်ဖို့ ကမ်းလှမ်းခဲ့တာ လည်း ရှိဖူးပြီး အဲဒီတုန်းကတော့ မဖြစ်ခဲ့ဘူးပေါ့လေ။ ခုချိန်မှာ ဖြစ်လာတဲ့အတွက် ကျနော့ အနေနဲ့ ဒါကို အားရဝမ်းသာကို ကြိုဆိုပါတယ်။ ဒါ ကောင်းသော ခြေလှမ်းတလှမ်းပါ။ အာဆီယံနဲ့ စတယ်ပေါ့။ အာဆီယံနဲ့ ဒီက အမတ်တွေရော၊ အတွင်းရေးမှူးချုပ်ရုံးရော၊ ခွင့်ပြုတယ်ဆိုလို့ရှိရင် ဒါဟာ အင်မတန်ကောင်းတဲ့ ခြေလှမ်းတလှမ်းပါ။ UN ကရော EU ကရော ပြောဖူးတယ်လေ၊ မြန်မာဟာ အာဆီယံနိုင်ငံလည်းဖြစ်တယ်ပေါ့။ လာရောက်ဖွယ်ရှိတယ်ပေါ့ဆိုတော့ အာဆီယံနဲ့ စတာပေါ့။ တချိန်တည်းမှာပဲ UN တို့ EU တို့ကလည်း ဆက်ပြီးတော့ ကြိုးပမ်းသင့်တယ်လို့ ထင်ပါတယ်။”

အာဆီယံအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကတည်းက ဝင်ရောက်လေ့လာဖို့ ကြိုးစားခဲ့ပေမဲ့ ခုတကြိမ်ကျမှ ဝင်ရောက်ခွင့်ပေးတယ်ဆိုတော့ အာဆီယံနဲ့ စရမယ့်သဘောမျိုးတော့ ရှိတယ်လို့ ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။ တချိန်တည်းမှာလည်း ပြည်တွင်းက သီးခြားလွတ်လပ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေအတွက်လည်း အခုလို နိုင်ငံတကာဝင်ရောက်ခွင့်ရမယ်ဆိုရင် ပိုပြီး အားဖြစ်စေလိမ့်မယ်လို့ ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။ အာဆီယံ အတွင်းရေးမှုးချုပ် ဆူရစ်ပစ်ဆူဝမ်ဟာ ပြီးခဲ့တဲ့လတုန်းက မြန်မာနိုငံကို သွားရောက်ရာမှာ အာဆီယံရဲ့ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ စေလွှတ်ခွင့်ရဖို့ ကမ်းလှမ်းခဲ့တာပါ။

အာဆီယံတိုင်းပြည်တွေကို ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး မြန်မာအာဏာပိုင်တွေက ခွင့်ပြု လိုက်ချိန်မှာပဲ၊ မြန်မာသမတ ဦးသိန်းစိန်ဟာ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုးနိုင်ငံ တွေဆီကို အာရှသုံးနိုင်ငံ ခရီး ထွက်ခွာသွားပြီဖြစ်ပါတယ်။

XS
SM
MD
LG