သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် မောင်းသူမဲ့ယာဉ်နဲ့ တိုက်ခိုက်မှုရပ်ပစ်ဖို့ ပါကစ္စတန်တောင်းဆို

အမေရိကန် ပြည်ထောင်စု၊ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) တို့နဲ့ ထိတွေ့ ဆက်ဆံတဲ့ လုပ်ငန်းတွေအတွက် တာဝန်ယူထားတဲ့ ပါကစ္စတန် လွှတ်တော်ရေးရာ ကော်မီတီ တရပ်က အမေရိကန်ရဲ့ မောင်းသူမဲ့ အဝေးထိန်း ဒုံးလေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့နဲ့ (NATO) က နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုကြောင့် ပါကစ္စတန် တပ်ဖွဲ့ဝင် ၂၄ ယောက် မနှစ်က သေဆုံးခဲ့ရတဲ့ အဖြစ်အတွက် အမေရိကန်က တောင်းပန်ဖို့ တောင်းဆိုလိုက်ပါတယ်။

ပါကစ္စတန် လွှတ်တော် ၂ ရပ် ပူးတွဲအစည်းအဝေးပွဲ အင်္ဂါနေ့က ကျင်းပချိန်မှာ ကော်မီတီ ဥက္ကဋ္ဌ Mian Raza Rabbani က ကြေညာချက်ကို ဖတ်ပြခဲ့တာပါ။ အမေရိကန် ပြည်ထောင်စုအနေနဲ့ သူ့ရဲ့ လုပ်ရပ်တွေကို ပြန်လည် သုံးသပ်သွားဖို့နဲ့ ပါကစ္စတန် နိုင်ငံထဲမှာ မောင်းသူမဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့လည်း ကြေညာချက်မှာ တောင်းဆိုသွားပါတယ်။

အဝေးထိန်း ဒုံးလေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေကြောင့် တန်ဘိုးရှိတဲ့ အသက်၊ အိုးအိမ်တွေ ဆုံးရှုံးရသလို ဒေသခံလူထုကို အစွန်းရောက် စိတ်ဓာတ်တွေ ဖြစ်စေပြီး အကြမ်းဖက်ဝါဒနဲ့ အမေရိကန် ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ကြီးထွားစေတာကြောင့် အကျိုးမရှိဘူးလို့လည်း ကော်မီတီဥက္ကဋ္ဌက ပြောသွားခဲ့တာပါ။

အမေရိကန် အထက်လွှတ်တော်အမတ် Joe Lieberman ကတော့ ဒုံးလေယာဉ်တွေနဲ့ တိုက်ခိုက်မှုဟာ အမေရိကန် လုံခြုံရေးအတွက် အရေးကြီးတာမို့ ရပ်တန့်ဖို့ မသင့်ဘူးလို့ ပြောဆိုလိုက်သလို အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မီတီဥက္ကဋ္ဌ ဒီမိုကရက်ပါတီ အထက်လွှတ်တော်အမတ် Dianne Feinstein ကလည်း အကြမ်းဖက်ဝါဒီတွေနဲ့ အစွန်းရောက် သမားတွေကို အမြစ်ဖြုတ်ဖို့ ပါကစ္စတန်က အပြင်းအထန် ကြိုးပမ်းတာမျိုး မရှိတဲ့အတွက် အသုံးပြုဖို့ လိုအပ်နေတုန်းပဲလို့ တုံ့ပြန်ပြောဆိုခဲ့ကြပါတယ်။

This item is part of
XS
SM
MD
LG