သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ မြန်မာ ဖိတ်ခေါ်ချက် အမေရိကန်ကြိုဆို


မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာဖို့ အမေရိကန်အစိုးရကိုယ်စားလှယ်တွေကို ဖိတ်ခေါ်လိုက်တဲ့အပေါ်မှာ ပထမအဆင့်နဲ့ ကြိုဆိုတယ်လို့ အမေရိကန်က ပြောလိုက်ပါတယ်။ ရရှိတဲ့အခွင့်အရေးကို အကျိုးအရှိဆုံး အသုံးချနိုင်ဖို့အတွက် အမေရိကန်အနေနဲ့ အာဆီယံအပါအဝင် လေ့လာခွင့်ရတဲ့ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ ဗစ်တိုရီးယား နျူလန် (Victoria Nuland) က ပြောလိုက်တာပါ။ အခုလို ရွေးကောက်ပွဲကို လေ့လာဖို့ မြန်မာအစိုးရက ဖိတ်ကြားတယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာလုပ်မယ့် ရွေးကောက်ပွဲဟာ နိုင်ငံတကာအဆင့်အတန်းနဲ့ယှဉ်ရင်တော့ အပြည့်အဝ ပွင့်လင်းမှု မရှိသေးဘူးလို့ ပြောကြားခဲ့တဲ့အကြောင်း အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာအစိုးရက ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ အမေရိကန် ရွေးကောက်ပွဲ ကိုယ်စားလှယ်၂ ဦးနဲ့ သတင်းထောက် ၃ ဦးလာရောက်ဖို့ ဖိတ်ကြားခဲ့တဲ့အပြင် အာဆီယံအပါအဝင် အီးယူ ဥရောပသမဂ္ဂနဲ့ တခြား နိုင်ငံတွေကိုပါ လာရောက် စောင့်ကြည့်လေ့လာဖို့ ဖိတ်ခေါ်လိုက်တာမို့ ဒါဟာ ဒီမိုကရေစီရေး လျှောက်လှမ်းရာမှာ အရေးပါတဲ့ ခြေလှမ်း တရပ်အဖြစ် အမေရိကန် ပြည်ထောင်စုက ကြိုဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Victoria Nuland ကပြောပါတယ်

“ ဒါကို ပထမခြေလှမ်းအဖြစ် ကြိုဆိုပါတယ်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တခြား အာဆီယံနိုင်ငံတွေမှာ လုပ်သလို နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေ လာရောက်ခွင့်ပြုတဲ့စံနစ်ကိုဖွင့်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားတုန်းက မြန်မာအစိုးရကို အားပေးခဲ့သလို အဲဒီနောက်ပိုင်း သွားရောက်တဲ့ အမေရိကန် ကိုယ်စားလှယ်တိုင်းကလည်း အားပေးခဲ့တာပါ။ ဒါဟာ ကမ္ဘာတဝှမ်း ကျင့်သုံးနေကြတာမျိုးမို့ပါ”

ရွေးကောက်ပွဲတခု ပွင့်လင်း၊ တရားမျှတမှု ရှိနိုင်စေဖို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေ လာရောက်တဲ့ အခါမှာ လုပ်ပိုင်ခွင့် အပြည့်ပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။ ဒီအထဲမှာ ရွေးကောက်ပွဲရက်မတိုင်ခင် ရက်အနည်းငယ်နဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့အပြင် ရွေးကောက်ပွဲ နောက်ပိုင်းကာလတွေမှာ ကျွမ်းကျင်သူတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေရဲ့ စောင့်ကြည့်လေ့လာမှုက အဓိက အရေးပါတယ်လို့ ဆိုပါတယ်။ အခု မြန်မာအစိုးရက အမေရိကန်ကို ဖိတ်ခေါ်ခဲ့တာမို့ စောင့်ကြည့်လေ့လာဖို့ သေသေချာချာသွားရောက်မှာ ဖြစ်ပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အာဆီယံအဖွဲ့ကြီးနဲ့ တခြားအဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

“ကျမတို့ဟာ ရွေးကောက်ပွဲ ထိရောက်မှု ရှိစေဖို့အတွက် စောင့်ကြည့်လေ့လာသူတွေရဲ့ အလုပ်ကို ပီပီပြင်ပြင်လုပ်နိုင်အောင် အာဆီယံ အဖွဲ့ကြီးနဲ့ရော တခြား စောင့်ကြည့်လေ့လာသူတွေနဲ့ပါ အတူ ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါတယ်။ ဒါပေမယ့် ဒီစောင့်ကြည့် လေ့လာစေတဲ့ အလုပ်ကို နိုင်ငံတကာစံနှုန်းနဲ့ အတတ်နိုင်ဆုံးကိုက်ညီအောင် မြန်မာအစိုးရဘက်က ကြိုးစားလုပ်ဆောင်ပေးဖို့လည်း ကျမတို့က တိုက်တွန်းပါတယ်”

အခုရွေးကောက်ပွဲဟာ သမ္မတရွေးကောက်ပွဲလောက်၊ လွှတ်တော်ရွေးကောက်ပွဲတွေလောက် မကြီးကျယ်ဘဲ အမတ်နေရာ လေးဆယ်ကျော် အတွက်သာ ယှဉ်ပြိုင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲတရပ်ဖြစ်ပေမယ့် တက်လာတဲ့ မြန်မာအစိုးရသစ်ဟာ အရင်က တခါမှ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေကို ခွင့်ပြုလေ့မရှိခဲ့တဲ့အတွက် အခုလုပ်ရပ်ဟာ အပြုသဘောဆောင်တဲ့ ကောင်းမွန်တဲ့ ခြေလှမ်းတရပ်အဖြစ် အမေရိကန်ဘက်က ရှုမြင်ပါတယ်။ ဒါပေမယ့် မြန်မာအစိုးရအနေနဲ့ အခုလိုပဲ တံခါးဖွင့်ဝါဒကို ဆက်ပြီး ကျင့်သုံးမယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

“မြန်မာအစိုးရက နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေကို တခါမှ အခုလို လာခွင့်မပြုခဲ့ဖူးပါဘူး။ အခု ရွေးကောက်ပွဲဟာလည်း နိုင်ငံတကာ စံနှုန်းအတိုင်း လုံးဝ ပွင့်လင်းမြင်သာမှု ရှိတယ်လို့တော့ ပြောလို့ မရပါဘူး။ ကျမတို့ကတော့ မြန်မာနိုင်ငံမှာ အခုလိုပဲ ပွင့်ပွင့်လင်းလင်း ဆက်ပြီး ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”

လက်ရှိ မြန်မာအစိုးရသစ်အဖွဲ့ဟာ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေပေါ် အခြေခံပြီး ကျင်းပတဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အရပ်ဝတ်ပြောင်း စစ်ဘက်အရာရှိအများစုပါဝင်တဲ့ အစိုးရတရပ်ဖြစ်ပါတယ်။

အခု စောင့်ကြည့်လေ့လာသူတွေသာမက နိုင်ငံတကာ သတင်းမီဒီယာတွေကိုပါ လာခွင့်ပေးထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ ပြောင်းလဲမှုတွေလုပ်ဆောင်နေတဲ့ မြန်မာအစိုးရသစ်ကို စောင့်ကြည့်နေတဲ့ နိုင်ငံတကာအတွက် ဒဏ်ခတ်အရေးယူမှုတွေအပါအဝင် မူဝါဒ ပြောင်းလဲရေးတွေအတွက် အရေးပါနေတာမို့ ဒီရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှု ဘယ်လောက်ရှိပြီး တရားမျှတမှု ဘယ်လောက်ရှိမယ် ဆိုတာကို အများက စောင့်ကြည့် အကဲခတ်နေကြပါတယ်။

XS
SM
MD
LG