သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ တရားမျှတရုံနဲ့ မြန်မာ့ပြုပြင်ရေး မပြီးဆုံးသေး


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက် မစ်ချဲလ်ဟာ မကြာခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့ရာက ပြန်လာအပြီးမှာပဲ မြန်မာနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲတွေအတွင်း လွတ်လပ်ပြီး တရားမျှတဖို့ အရေးကြီးပေမယ့် ဒါတစ်ခုတည်းနဲ့ ပြုပြင်ပြောင်းလဲရေး ပြီးပြည့်စုံပြီလို့ မဆိုနိုင်ကြောင်း ဗွီအိုအေနဲ့ သီးသန့်မေးမြန်းခန်းမှာ ထုတ်ပြောလိုက်ပါတယ်။

ကြာသာပတေးနေ့မနက်က အမေရိကန်နိုင်ငံခြားရေးရုံးမှာ သီးသန့်တွေ့ဆုံမေးမြန်းတဲ့အခါ သံအမတ်ကြီးမစ်ချဲလ်က ရွေးကောက်ပွဲလုပ်တဲ့နည်း တစ်ခုတည်းမှာ လွတ်လပ်ပြီးတရားမျှတရုံနဲ့ မပြီးဘဲ ရွေးကောက်ပွဲတွေမတိုင်ခင် မဲဆွယ်စဉ်ကာလနဲ့ ရွေးကောက်ပွဲအပြီးကာလ လွှတ်တော် ကျင်းပချိန်တွေမှာပါ နိုင့်ထက်စီးနင်း ပြုလုပ်မှုတွေ၊ မကောင်းကြံစည်မှုတွေ ကင်းရှင်းဖို့ အရေးကြီးတယ်လို့ ဆိုလိုက်ပါတယ်။

ဒါ့အပြင် ဝါရှင်တန်မြို့တော်မှာ ကြာသာပတေးနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံ၊ သြစတြေးလျသံရုံးမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ အသွင်ကူးပြောင်းရေးကာလ ချိန်ခွင်လျှာ-ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ သံအမတ်ကြီး မစ်ချဲကပဲ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးတွေ ပြီးပြည့်စုံနိုင်ဖို့ အမေရိကန်အနေနဲ့ လက်တွဲဖော် မိတ်ဆွေအဖြစ် ပူးပေါင်းဆောင်ရွက်သွားဖို့ အရေးကြီးတယ်လို့ ထောက်ပြလိုက်ပါတယ်။

မစ္စတာမစ်ချဲလ်က ဆက်ပြီး အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကြား သေနင်္ဂဗျူဟာအရ အရေးပါလာတဲ့ မြန်မာနိုင်ငံမှာ အခု စတင် ပြောင်းလဲလာမှုတွေဟာ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတာတွေထဲက အကောင်းဆုံး ဖြစ်ရပ်တစ်ခု ဖြစ်နေတယ်လို့လည်း ချီးကျူးလိုက်ပါတယ်။ ဒီပြောင်းလဲမှုတွေ နောက်ပြန်ဆုတ်သွားနိုင်ဖို့ အလားအလာ နည်းနေတယ်လို့လည်း ဆိုလိုက်ပါတယ်။ ဒါ့အပြင် မစ္စတာ မစ်ချဲလ်ကပဲ အင်ဒိုနီးရှားနိုင်ငံမှာ စစ်တပ်ကြီးစိုးတဲ့ အုပ်ချုပ်မှုကနေ ဒီမိုကရေစီကို အသွင်ကူး ပြောင်းခဲ့တာနဲ့ ဆင်တူတဲ့မြန်မာနိုင်ငံမှာ မြန်မာစစ်တပ်အနေနဲ့ အရင်က သူ့အုပ်ချုပ်ရေးကို သူ့ကိုယ်သူ အထင်ကြီးဂုဏ်ယူခဲ့ပေမယ့် အခုတော့ မှားခဲ့တာတွေကို နားလည်ဝန်ခံမှု ရှိလာပြီး ဒါတွေကို ပြောင်းသွားဖို့ လုပ်နေတာဟာ ကောင်းတဲ့လက္ခဏာတစ်ခု ဖြစ်တယ်လို့ ထောက်ပြလိုက်ပါတယ်။

(မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်ခ်မစ်ချဲနဲ့ ဗွီအိုအေ အယ်ဒီတာ ဦးကျော်ဇံသာတို့ရဲ့ တွေ့ဆုံမေးမြန်းချက်အပြည့်အစုံကိုလည်း ပူးတွဲပါ အသံဖိုင်မှာ အပြည့်အစုံနားဆင်နိုင်ပါတယ်။)

XS
SM
MD
LG