သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျအကဲခတ်အဖွဲ့ မြန်မာပြည်ကို စေလွှတ်မည်


၂၀၁၀ ရွေးကောက်ပွဲကာလမတိုင်ခင် မိမိတို့အမည်ကို မဲဆန္ဒရှင်စာရင်းမှာလိုက်ရှာနေကြသူများ။
၂၀၁၀ ရွေးကောက်ပွဲကာလမတိုင်ခင် မိမိတို့အမည်ကို မဲဆန္ဒရှင်စာရင်းမှာလိုက်ရှာနေကြသူများ။

မြန်မာနိုင်ငံမှာကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေကို စောင့်ကြည့်လေ့လာဖို့ ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို စေလွှတ်မယ်လို့ သြစတြေးလျနိုင်ငံက ပြောလိုက်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ နိုင်ငံတကာက ကိုယ်စားလှယ်တွေကို မြန်မာအစိုးရက ဖိတ်ကြားလိုက်တာဟာ ပြုပြင်ပြောင်းလဲရေးတွေရဲ့ အပြုသဘောဆောင်တဲ့ နောက်ထပ် ခြေလှမ်းတခုဖြစ်တယ်ဆိုပြီး သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ကြိုဆိုပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီကတော့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ရွေးကောက်ပွဲတွေအတွက်တင်မဟုတ်ဘဲ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက်လည်း လိုအပ်ပါတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထား တဲ့ ကိုကျော်ကျော်သိန်းက သတင်းပို့ထားပါတယ်။

ဧပြီလ ၁ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေကို စောင့်ကြည့်လေ့လာဖို့ဆိုပြီး မြန်မာအစိုးရက ဖိတ်ခေါ်ခဲ့တဲ့ အပေါ် သြစတြေးလျနိုင်ငံက အခုနောက်ဆုံး တုံ့ပြန်လိုက်တာပါ။ နိုင်ငံတကာက လေ့လာစောင့်ကြည့်သူတွေကို မြန်မာအစိုးရ က ဖိတ်ခေါ်ခဲ့တဲ့အပေါ် ဒါဟာ အားတက်ဖွယ် အစပျိုးမှုဖြစ်ပါတယ်လို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဘော့ဘ် ကားရ် (Bob Carr) က မတ်လ ၂၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

ဒီကြားဖြတ်ရွေးကောက်ပွဲတွေကို အောင်အောင်မြင်မြင် ကျင်းပနိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ နောက်ထပ် အရေးကြီးတဲ့အဆင့်တခုဖြစ်ပါလိမ့်မယ်လို့ သူကဆိုပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပမယ်ဆိုရင် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို သြစတြေးလျအစိုးရက လျှော့ပေါ့စဉ်းစားပြီး ဖြေလျှော့ပေးမယ့်သဘော ရှိနေတာပါ။ သြစတြေးလျအခြေစိုက် မြန်မာ့ ဒီမိုကရေစီ ရေး လှုပ်ရှားသူတွေကတော့ သြစတြေးလျအစိုးရရဲ့ အခုဆုံးဖြတ်ချက်ကို ကြိုဆိုပေမဲ့ လေ့လာစောင့်ကြည့်သူတွေအနေနဲ့ သေသေချာချာ လေ့လာစုံစမ်းခွင့်ရဖို့တော့ လိုတယ်လို့ တုံ့ပြန်ပါတယ်။ ဒါ့အပြင် တခြားလိုအပ်တဲ့ အခြေအနေတွေ တိုးတက်မှု မရှိဘဲနဲ့တော့ ဒဏ်ခတ်အရေးယူတာတွေကို မလျှော့သင့်ဘူးလို့ သြစတြေးလျ-မြန်မာရုံးရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ချိုက ဗွီအိုအေကိုပြောပါတယ်။

“အဓိက သြစတြေးလျရဲ့ မူဝါဒကတော့ မြန်မာနိုင်ငံမှာ လက်ရှိတိုင်းရင်းသားလူမျိုးစုတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ ကိစ္စတွေကို ရပ်ဆိုင်းဖို့ တောင်းဆိုထားတယ်။ တရားဥပဒေစိုးမိုးမှုတွေ ပိုရှိလာအောင် လူ့အခွင့်အရေး လေးစားလာအောင် တောင်းဆိုမှုတွေ ရှိတယ်။ နောက်တချက်ကလည်း ဒေါ်အောင်ဆန်းစုကြည်တို့ အတိုက်အခံခေါင်းဆောင်တွေနဲ့ နိုင်ငံရေး အင်အားစုတွေ အကုန်လုံးနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေးလုပ်ဖို့ ကိစ္စတွေကို တောင်းဆိုထားတာ ရှိတယ်။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ကတော့ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးကို မလွှတ်မချင်း၊ ကနေ့ တိုင်းရင်းသား လူမျိုးစုတွေကို စစ်ဆင် တိုက်ခိုက်နေတာတွေကို မရပ်မချင်း၊ နောက် - ဥပဒေစိုးမိုးမှုတွေကို ပိုပြီး ခိုင်မာလာအောင် မလုပ်မချင်းတော့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ အကုန်လုံးကို ရုပ်သိမ်းပေးမယ်လို့တော့ ကျနော်တို့ မထင်ဘူး။ မရုပ်သိမ်းအောင်လည်း ကျနော်တို့က ဆက်ပြီးတော့ ကြိုးစားပြီးတော့ စည်းရုံးနေမယ်။ တဆင့်ချင်းပဲ ဒါကို တုံ့ပြန်သွားဖို့အတွက်ကို လိုလားပါတယ်။”

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဘော့ဘ် ကားရ်ဟာ မကြာခင်မှာ အရှေ့တောင်အာရှဒေသဆီ ခရီးထွက်ဖို့ရှိပြီး စင်္ကာပူ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတဲ့အချိန်ကျရင် မြန်မာနိုင်ငံက အခြေအနေတွေနဲ့ပတ်သက်ပြီး ထည့်သွင်း ဆွေးနွေးဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးရုံးရဲ့ ထုတ်ပြန်ချက်တစ်ခုထဲမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရက ကုလသမဂ္ဂ၊ ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့တို့အပြင် အာဆီယံရဲ့ ဆွေးနွေးဘက်နိုင်ငံတွေဖြစ်တဲ့ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ အိန္ဒိယနဲ့ တခြားနိုင်ငံတွေကိုလည်း လေ့လာသူတွေလွှတ်ပေးဖို့ ဖိတ်ကြားထား တာပါ။ ဒီလိုဖိတ်ကြားချက်ကို အများအားဖြင့် ကြိုဆိုကြပေမဲ့ ရွေးကောက်ပွဲဟာ ပြည်တွင်းရေးကိစ္စဖြစ်လို့ လေ့လာသူတွေ မလို ဘူးဆိုတဲ့ ပြောဆိုသံတချို့ကိုလည်း ကြားနေရပါတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတဖြစ်လဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကတော့ ဒီလိုဖိတ်ကြားတာဟာ အစိုးရရဲ့ သဘော ဆန္ဒအတိုင်း လုပ်တာဖြစ်ပြီး လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ နိုင်ငံရေးပါတီတွေ၊ မဲဆန္ဒရှင်တွေ၊ မဲရုံကိုယ်စားလှယ်တွေ စသည်အားဖြင့် အသီးသီးမှာ တာဝန်ရှိပါတယ်လို့ ပြောပါတယ်။ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှု ဆိုတာ ရွေးကောက်ပွဲ အတွက်တင်မဟုတ်ဘဲ ကဏ္ဍအသီးသီးအတွက် လိုအပ်ပါတယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တဦးဖြစ်သူ ဦးသိန်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“International Cooperation ဆိုတာ လိုအပ်တာပဲလေ။ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးတင် လိုအပ်တာမဟုတ်ပါဘူး။ ကျနော်တို့ကတော့ ကိုယ့်ရဲ့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရေးမှာ - ဥပမာ- စီးပွားရေးမှာဆိုလည်း ကျနော်တို့က ဘာလိုလဲဆိုတော့ Massive Intrusion of Capital and Technology Knowhow ပေါ့ဗျာ။ ဒါတွေ ကျနော်တို့ လိုတဲ့အခါကျတော့ ကျနော်တို့ရဲ့ ပထဝီနိုင်ငံရေးကိုလည်း အလေးထားပြုပြင်ရင်းနဲ့ နိုင်ငံတကာနဲ့ပူးပေါင်း ချစ်ကြည် ရင်းနှီးစွာဆောင်ရွက်ရေး အတွက်ကို ဒီ based ကတော့ ကျနော်တို့ရဲ့ concept ပါပဲ ”

နိုင်ငံတကာက ဖြစ်စေချင်တဲ့အတိုင်း ရွေးကောက်ပွဲလေ့လာသူတွေကို ဖိတ်ကြားတာ၊ ပြည်ပအခြေစိုက် သတင်းမီဒီယာသမား တွေကို ရွေးကောက်ပွဲသတင်း ဝင်ယူခွင့်ပြုတာ စသည်အားဖြင့် လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်အောင် လုပ်ဖို့ ကြိုးစားနေတဲ့ခြေလှမ်းတွေကို တွေ့နေရသလိုပဲ တဘက်မှာတော့ မဲစာရင်းဆိုင်ရာ မမှန်မကန်ဖြစ်တာတွေ၊ မဲဆွယ်စည်းရုံးပွဲတွေ ကို ကန့်သတ် ဟန့်တားတာတွေ စတဲ့ဖြစ်ရပ်တွေရှိနေတယ်လို့ စောဒကတက် တိုင်ကြားတာတွေလည်း ရှိနေပါတယ်ခင်ဗျား။

XS
SM
MD
LG