သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ အကဲခတ်ကွန်ယက် ဖွဲ့စည်း


ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမျှတမှု ရှိမရှိကို လေ့လာစောင့်ကြည့်ကာ အခြေအနေတွေကိုလည်း အများပြည်သူသိရှိနိုင်ဖို့ သတင်းတွေထုတ်ပြန်သွားမယ်လို့ ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေး ကွန်ယက်ကပြောပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ လူငယ်တွေနဲ့ ဒီရွေးကောက်ပွဲလေ့လာစောင့်ကြည်ရေး ကွန်ယက်ကို ဖွဲ့စည်းထားတာ ဖြစ်ပြီး ဘက်လိုက်မှုကင်းတဲ့ စောင့်ကြည့်မှုတွေ လုပ်သွားမယ်လို့လည်း ဆိုပါတယ်။ ဒီအကြောင်းကိုတော့ မသင်းသီရိက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့အတူ မြန်မာ့နိုင်ငံရေးမှာ တက်ကြွစွာ လှုပ်ရှားနေကြတဲ့ လူငယ်တွေ ပူးပေါင်းကာ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး ကွန်ယက်တခု ဖ့ွဲထားတာ ဖြစ်ပါတယ်။ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ တရားမျှတမှု ရှိမရှိဆိုတာကို ဘက်လိုက်မှု ကင်းကင်းနဲ့ အဓိကစောင်ကြည့်လေ့လာဖို့ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသူ မမီးမီးက ပြောပါတယ်။

“အဓိက ကတော့ ရွေးကောက်ပွဲတရားမှု၊ မတရားမှုတွေကော၊ နောက်ပြီးတော့ တခြား ရွေးကောက်ပွဲမှာ ပါဝင်ဆင်နွဲကြတဲ့ မဲဆန္ဒရှင်တွေရဲ့ ရွေးကောက်ပွဲဆိုင်ရာ ပညာရေးအသိအမြင်တွေ ဘယ်လောက် ကြွယ်ဝမှု ရှိမရှိပေါ့နော်- နောက်ပြီးတော့ ရွေးကောက်ပွဲလုပ်တဲ့ ကော်မရှင် အဖွဲ့ခွဲတွေရယ်၊ မဲရုံတွေရယ်၊ အဲဒီ မဲရုံတွေမှာရှိတဲ့ မဲရုံမှူးတွေရဲ့ သန့်ရှင်းမှု ရှိမရှိရယ်။ နောက်တစ်ခုက သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုမှာ အားနည်းချက်၊ အားသာချက်တွေကို အဓိကထားပြီးတော့ ကျမတို့က စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ နောက်တစ်ခုက နောင်လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီ့ထက်ပိုပြီးတော့ အစီအစဉ်ကျတဲ့၊ ဒီ့ထက်ပိုပြီးသန့်ရှင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ခု ပေါ်ထွက်လာဖို့အတွက်ကိုလည်း ကျမတို့က ရည်ရွယ်ပြီးတော့ စောင့်ကြည့်ခြင်းဖြစ်ပါတယ်။”

ပြည်နယ်တိုင်း ၁၀ ခုက လစ်လပ်မဲဆန္ဒ နယ် ၄၈ နေရာစလုံးက မဲရုံတွေမှာ သူတို့အဖွဲ့တွေကို ထားကာ လေ့လာစောင်ကြည်ဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

ဒီလိုရွေးကောက်ပွဲရဲ့ အခြေအနေတွေကို အများပြည်သူသိရှိနိုင်အောင် ထုတ်ပြန်ဆောင်ရွက်မယ့် အစီအစဉ်အထဲ Face Book လို လူမှုကွန်ယက် စာမျက်နှာတွေကလည်း ထုတ်ပြန်အသိပေးသွားဖို့ှအတွက် မနက်ဖြန် မတ်လ ၂၄ ရက်နေ့က စမယ်လို့ ပြောပါတယ်။

“၈၈ မှာပဲ control center ထားပြီး ဖေ့ဘွတ် တစ်ခု ဖွင့်ထားပါတယ်။ အဲဒါကတော့ Election Monitoring Network. 88 လို့ အမည်ရှိတယ်။ အဲဒါကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကျမတို့ ရသမျှကို အတတ်နိုင်ဆုံး စိစစ်ပြီးတော့ တင်ပြသွားမှာပါ။ ရွေးကောက်ပွဲမတိုင်မီရယ်၊ ရွေးကောက်ပွဲနေ့ရယ်၊ ရွေးကောက်ပွဲပြီးတဲ့အချိန်ရယ်ပေါ့နော်။ အဲဒီ အပိုင်း ၃ ပိုင်းမှာ ဖြစ်ပေါ်လာမယ့် အခြေအနေတွေ အားလုံးကို ကျမတို့က စိစစ်ပြီးတော့ တင်ပြသွားမှာပါ။ ”

ဒါကတော့ ကြားဖြတ်ရွေးကောက်ပွဲတွေကို ဘယ်လိုပုံစံတွေနဲ့ စောင့်ကြည့်လေ့လာမလဲဆိုတဲ့ အခြေအနေတွေကို ၈၈ မျိုးဆက် ကျောင်းသူ မမီးမီး ရှင်းပြသွားတာပါ။ အခု သူတို့ရဲ့အစီအစဉ်ကို ပြည်သူတွေရော သတင်းမီဒီယာအတွေအပြင် နိုင်ငံရေးပါတီတွေပါ အားလုံး ပူးပေါင်း ဆောင်ရွက်ဖို့ကို ဖိတ်ခေါ်ပါတယ်လို့လည်း မမီးမီးကပြောပါတယ်။

ဒီလို ရွေးကောက်ပွဲကို စောင်ကြည့်ဖို့ စီစဉ်နေတာ အခုလို အဖွဲ့တွေပဲ မဟုတ်ပါဘူး။ ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့ ရှမ်းအမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် SNLD ဟာလည်း သူတို့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်မပြိုင်ပေမယ့် တရားမျှတမှုအခြေအနေတွေကို လေ့လာ စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။ ဒါဟာလည်း ၂၀၁၀ ရွေးကောက်ပွဲတုန်းကလို မဲမသမာမှုတွေ မရှိရအောင်ဖြစ်ပြီး အခုကတည်းကစလို့ ရွေးကောက်ပွဲ ဗဟုသုတ ပညာရေးကဏ္ဍတွေ နေရာတချို့ စလုပ်ပေးနေပြီလို့ SNLD ပါတီပြောခွင့်ရ ဦးစိုင်းလိတ်က ပြောပါတယ်။

“လားရှိုးမှာ လူငယ်အယောက် ၁၂၀ ကျော်ကို ခေါ်ပြီးတော့မှ ရွေးကောက်ပွဲလေ့လာရေးနဲ့ ပတ်သက်ပြီးတော့မှ ဗဟုသုတတွေကို ကျနော်တို့ ပို့ချတယ်။ အဲဒီလူငယ်တွေနဲ့အတူ နောက်ထပ် ရပ်ကျေး အသီးသီးက စုဆောင်းလို့ရရှိမယ့် လူငယ်တွေကို ကျနော်တို့က ရွေးကောက်ပွဲနေ့ ကျရင် - နောက် ရွေးကောက်ပွဲမတိုင်ခင်ပေါ့နော်။ ၃-၄ ရက်အတွင်းမှာ ထပ်ပြီးတော့မှ ဆင့်ပွားသင်တန်းတွေ ပေးမယ်၊ ပြီးရင် ရွေးကောက်ပွဲ နေ့တွေမှာ စောင့်ကြည့်လေ့လာဖို့အတွက်ကို ကျနော်တို့ form လေးတွေ ဝေပေးထားတယ်။ အဲဒါ တကယ်လို့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မသမာမှုတွေ၊ အတိမ်းအစောင်းဖြစ်တာတွေ ရှိလို့ရှိရင် ကျနော်တို့ဆီ လှမ်းပြီးတော့မှ Data လေးတွေ ပို့နိုင်အောင်လို့ စီစဉ်ထားပါတယ်။

၂၀၁၀ တုန်းကလို အရိပ်မည်းကြီးတွေ လိုက်လာမှာကို ကျနော်တို့ စိုးရိမ်တယ်။ ကြိုတင်မဲလို့ပဲ ဆိုဆို၊ နောက်ကျမှ ရောက်ပြီးတော့မှ လူမသိ သူမသိ ထပ်ပြီးထည့်လိုက်တဲ့ မဲတွေပဲ ဆိုဆိုပေါ့နော်။ အဲဒီလိုမျိုး မသမာမှုတွေကို ကျနော်တို့က ၂၀၁၀ မှာတုန်းက ကြုံခဲ့၊ ကြားခဲ့၊ လေ့လာ သိရှိခဲ့ရတဲ့အတွက်ကြောင့်မို့လို့ အဲဒီလို မဖြစ်အောင်လို့ အဓိကထားပြီး လုပ်ခြင်းဖြစ်ပါတယ်။”

SNLD ပါတီပြောခွင့်ရ ဦးစိုင်းလိတ်ပါရှင်။ အခုဆိုရင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ကြားမှာ နောက်ထပ် ၈ ရက်ပဲလိုပါတော့တယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိရမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကတိပေးထားပြီး နိုင်ငံတကာက လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေကိုလည်း လာခွင့်ပြုထားပါတယ်။ ဒါပေမယ့် NLD ပါတီအပါအဝင် တခြား နိုင်ငံရေး ပါတီတွေကတော့ လက်ရှိ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရးပါတီဟာ အခုမဲဆွယ်စည်းရုံးရေးကာလတွေမှာ ရွေးကောက်ပွဲ ဥပဒေနဲ့ မကိုက်ညီတဲ့ မဲဆွယ်မှုတွေ ရှိနေတဲ့ကြောင်း သက်ဆိုင်ရာ ကော်မရှင်တွေကို တိုင်တန်းထားတာတွေလည်းရှိပါတယ်။

XS
SM
MD
LG