သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလကိုယ်စားလှယ်အဖွဲ့ ရွေးကောက်ပွဲစောင့်ကြည့်ဖို့ စေလွှတ်မည်


မြန်မာနိုင်ငံမှာ ရှေ့တပတ်ထဲ ကျင်းပမယ့် လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့် အကဲခတ်ဖို့အတွက် ကိုယ်စားလှယ် အဖွဲ့တခု စေလွှတ်မယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ကုလသမဂ္ဂရုံးချုပ်ရှိရာ နယူးယောက်က ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို စေလွှတ်မှာဖြစ်ပြီး လေ့လာတွေ့ရှိချက်တွေကိုတော့ ခရီးစဉ်အပြီး အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ အစီရင်ခံသွားမှာ ဖြစ်တယ်လို့လည်း Inner City Press သတင်းဌာနကို အတွင်းရေးမှူးချုပ်ရုံး တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ပြောလိုက်တာပါ။

မြန်မာအစိုးရကတော့ ကြားဖြတ်ရွေးကောက်ပွဲတွေကို စောင့်ကြည့် အကဲခတ်ဖို့ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) တို့လို နိုင်ငံတကာ အသိုင်းအဝိုင်းက ကိုယ်စားလှယ်တွေကို လက်ခံမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကြေညာထားတာ ဖြစ်ပါတယ်။

ဥပဒေပြု အမတ်တွေနဲ့ သတင်းသမားတွေပါ ပါဝင်မယ့် အကဲခတ်အဖွဲ့တွေကို လက်ခံသွားမယ်လို့ ပြောဆိုခဲ့တာပါ။ ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲတွေဟာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မယ်လို့ ကတိပေးထားတာတွေကို စမ်းသပ်ချက် တခုဖြစ်မယ်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက သတိပေးထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လထဲမှာ တက်လာတဲ့ အစိုးရသစ် ကတော့ ရွေးကောက်ပွဲတွေဟာ လွတ်လပ် မျှတမှု ရှိမှာ ဖြစ်တယ်လို့ ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း အဓိက နိုင်ငံရေး ပါတီတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံရေး အင်အားစုတွေကတော့ ရွေးကောက်ပွဲအတွက် မဲစာရင်းတွေမှာ မမှန်မကန် ထည့်သွင်းထားတာတွေ၊ ရွေးကောက်ပွဲအကြို မဲဆွယ် စည်းရုံးလှုပ်ရှားမှုတွေမှာ မမျှတတာတွေလို လုပ်ရပ်မျိုးတွေ ရှိနေတယ်ဆိုပြီး ထောက်ပြ ဝေဖန်နေကြတာလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲတွေအပြီး ဧပြီလ နှောင်းပိုင်းမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကိုယ်တိုင်လည်း မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG