သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျဲင်မ်ဝက်ဘ် မြန်မာနိုင်ငံ သွားမည်


Jim Webb
Jim Webb

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီ၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ဟာ ရှေ့လအစောပိုင်းမှာ မြန်မာနိုင်ငံကို သွားဖို့ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပပြီးချိန်လောက်မှာ မြန်မာနိုင်ငံကို သူ ရောက်ရှိမှာဖြစ်တဲ့ အကြောင်းနဲ့ ဧပြီလ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ သွားရောက်မယ့် သူ့ရဲ့ အာရှခရီးစဉ်အတွင်း မြန်မာ့အိမ်နီးချင်း ထိုင်းနဲ့ ဂျပန်နိုင်ငံတွေကိုလည်း သွားရောက်မှာဖြစ်တဲ့ အကြောင်း မစ္စတာ ဝက်ဘ် ရဲ့ ရုံးက မတ်လ ၂၇ ရက်နေ့၊ နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဘယ်သူတွေနဲ့ တွေ့ဆုံပြီး ဘယ်လို အကြောင်းအရာတွေ ဆွေးနွေးဖို့ ရှိသလဲဆိုတာနဲ့ ပတ်သက်လို့တော့ ခရီးစဉ် အသေးစိတ်ကို မသိရသေးပါဘူး။

အထက်လွှတ်တော်အမတ် ဝက်ဘ်ဟာ မြန်မာနိုင်ငံကို ၂ဝဝ၉ ခုနှစ်က နောက်ဆုံးအကြိမ် သွား ရောက်ခဲ့တာပါ။ အဲဒီအချိန်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံခဲ့သလို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ် ကျခံနေစဉ်မှာ သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို တိတ်တဆိတ် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကို ပြန်လည် လွှတ်ပေးဖို့ မြန်မာအစိုးရကို နားချ စည်းရုံးနိုင်ခဲ့သလို အမေရိကန်နဲ့ မြန်မာအစိုးရအကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ပြန်လည် တည်ဆောက်နိုင်ဖို့အတွက် နှစ်ဘက် ယုံကြည်မှုတိုးမြှင့် တည်ဆောက်ဖို့ကိုလည်း အမေရိကန်အစိုးရကို သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပြီးမှာ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG