သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားလုပ်ရပ် နိုင်ငံတကာစောင့်ကြည့်

ဆီးရီးယားနိုင်ငံက အစိုးရတပ်တွေနဲ့ သူပုန်တပ်ဖွဲ့တွေကြား လက်ဘနွမ်နယ်စပ်နားမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာနဲ့အမျှ အပစ်အခတ် ရပ်စဲဖို့ အပါအဝင် နိုင်ငံတကာ သံတမန် Kofi Annan ရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို အစိုးရက လက်ခံကြောင်း ပြောဆိုထားတဲ့အပေါ် အနောက်နိုင်ငံ သံတမန်တွေနဲ့ ဆီးရီးယား အတိုက်အခံခေါင်းဆောင်တွေထံက ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။

အတိုက်အခံ အင်အားစုတွေကတော့ ငြိမ်းချမ်းရေး အစီအစဉ်ကို လက်ခံလိုက်တဲ့ ရည်ရွယ်ချက်ဟာ အုံကြွမှုတွေကို စစ်တပ်က ချေမှုန်းနိုင်အောင် အချိန်ဆွဲတဲ့ လုပ်ရပ်သာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ကြတာပါ။ အမေရိကန် ပြည်ထောင်စုကတော့ ဆီးရီးယား သမ္မတ Bashar al-Assad အနေနဲ့ ကတိတွေ ပေးသလောက် အကောင်အထည်မဖော်တဲ့ အစဉ်အလာတွေ ရှိခဲ့ဖူးတာမို့ ငြိမ်းချမ်းရေး အစီအစဉ်ကို သဘောတူလိုက်တဲ့အပေါ် ရိုးသားမှု ရှိမရှိ လုပ်ရပ်တွေနဲ့ ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဆီးရီးယား သမ္မတရဲ့ ကတိပေး ပြောဆိုချက်တွေအတိုင်း လက်တွေ့ လုပ်ရပ်တွေနဲ့ ပြသရလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောလိုက်တာပါ။

လူနေထူထပ်တဲ့ အရပ်ဒေသတွေမှာ စစ်တပ်က ပစ်ခတ်နေတာတွေ ရပ်တန့်ဖို့နဲ့ တပ်တွေကို ပြန်လည် ရုပ်သိမ်းဖို့လည်း ဆီးရီးယားသမ္မတကို တောင်းဆိုသွားပါတယ်။ တချိန်တည်းမှာပဲ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းက Idlib ပြည်နယ်၊ ဒမတ်စကတ်မြို့တော် ဆင်ခြေဖုံးနဲ့ အလယ်ပိုင်း Homs မြို့တွေ အပါအဝင် နိုင်ငံတဝှမ်းမှာ အစိုးရတပ်တွေက အရပ်သားတွေကို ပစ်ခတ်တာတွေ၊ သူပုန်တွေကို နှိမ်နင်းတာတွေ လုပ်ရာက လူ ၁ဝ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် အကဲခတ်နေတဲ့အဖွဲ့က ပြောလိုက်ပါတယ်။

This item is part of
XS
SM
MD
LG