သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားအကြမ်းဖက်မှု ဟန့်တားဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ ကြိုးပမ်း


နိုင်ငံပေါင်း ၅၀ ကျော်ကခေါင်းဆောင်တွေက ကမ္ဘာကြီးမှာ အစုလိုက် အပုံလိုက် သိုလှောင်ထားတဲ့ Nuclear လက်နက်ကြီးတွေ လျှော့ချရေးအတွက် သူတို့တာဝန်ယူမှုကို ထပ်လောင်းအာမခံ လိုက်ကြပါ တယ်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာကျင်းပနေတဲ့ နှစ် ရက်ကြာ Nuclear လုံခြုံမှုဆိုင်ရာ ထိပ်သီးညီလာခံမှာ သမ္မတ အိုဘားမားက Nuclear လက်နက်ကြီးတွေ လျှော့ချရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အရှည်သဖြင့် အလေးအနက်ထား မဖြစ်မနေကြိုးပမ်းကြရပါလိမ့်မယ်လို့ ဒီကနေ့ အင်္ဂါနေ့မှာ တိုက်တွန်းပြောဆိုလိုက်တာပါ။

၂၀၁၀ ပြည့်နှစ်တုံးက ဝါရှင်တန်မှာ အမေရိကန်က အိမ်ရှင်အဖြစ် ကမကထ ပြု ကျင်းပခဲ့တဲ့ ပထမအကြိမ် Nuclear လုံခြုံမှုဆိုင်ရာ ထိပ်သီးညီလာခံအပြီး အခုကျင်းပတဲ့ ညီလာခံမှာ ပါဝင် တက်ရောက်တဲ့ နိုင်ငံ ၅၀ ကျော် တိုးလာတာ တွေ့ရ တယ်လို့ သမ္မတအိုဘားမားကပြောပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ Nuclear စွမ်းအင်ကို စိတ်ချလုံခြုံမှုနဲ့အတူ ထိရောက်စွာ အရပ်သုံးအတွက် ထုတ်လုပ်ခွင့်ရရေးကို ဦးတည်ပြီးတော့ ဒီညီလာခံကြီးကနေ Nuclear အရေး ကြီးမားကျယ်ပြန့်တဲ့ ကမ္ဘာ့ဗိသုကာအဖြစ် ရပ်တည်နိုင်ရေးဆိုတဲ့ ရလဒ်ကို ဆောင်ကျဉ်းပေးမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ဒီ ညီလာခံကြီးအပြီး ကြေညာချက်ထဲမှာတော့ ဒီရည်ရွယ်ချက် မည်မည်ရရ အထမြောက်တာ မတွေ့ရဘူးလို့ Australia သုတေသီ Martine Letts က VOA ကို ပြောပါတယ်။ Nuclear လုံခြုံမှုအတွက် အရေးပါတဲ့ အစိတ်အပိုင်းတခုအဖြစ်နဲ့သာ ဒီညီလာခံက ပံ့ပိုးပေးနိုင်တယ်လို့ သူက သုံးသပ် ပါတယ်။

မကြာခင်က မြောက်ကိုရီးယားကနေ Nuclear လက်နက်တင်ဆောင်နိုင်တဲ့ ဂြိုလ်တုတလုံး ရှေ့လမှာ လွှတ်တင်မယ်လို့ ကြေညာခဲ့တဲ့ ကိစ္စကတော့ ဒီထိပ်သီးညီလာခံကို အရိပ်ပမာ စိုးမိုးနေခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားက သုတေသန ဂြိုလ်တုလို့ ပြောပေမဲ့ အနောက်နိုင်ငံတွေကတော့ ဒီဂြိုလ်တုလွှတ်တင်ရာမှာ တာဝေးပစ် ပဲ့ထိန်း ဒုံးလက်နက်ကို ထည့်သွင်း စမ်းသပ်တာဖြစ်မယ်လို့ ယူဆနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG