သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြိုတင်မဲမသမာမှု ထပ်မဖြစ်စေဖို့ ကော်မရှင် ကတိပေး


ဧပြီလ ၁ ရက်နေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကလို ကြိုတင်မဲတွေနဲ့ အနိုင်ရသွားတာမျိုး မဖြစ်စေရဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အာမခံ ပြောကြားလိုက်ပါတယ်။ မတ်လ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်ဥက္ကဋ္ဌက အဲဒီလို ပြောလိုက် တာပါ။ သတင်းမီဒီယာသမားတွေ ရွေးကောက်ပွဲနေ့ သတင်းယူတဲ့နေရာမှာ လိုက်နာရမှာတွေကိုလည်း ထည့်သွင်း ရှင်းလင်းခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲတွေကျင်းပဖို့ လေးရက်အလိုမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။ အဲဒီမှာ အများစု စိတ်ဝင်တစား ရှိခဲ့တဲ့ကိစ္စတခုကတော့ ကြိုတင်မဲကိစ္စပဲဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွေတုန်းက ကြိုတင်မဲတွေကို မမှန်မကန်လုပ်ပြီး အနိုင်ယူတာတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တာကြောင့်လည်း အခုတကြိမ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီကိစ္စကို ကော်မရှင်က ဘယ်လို ကိုင်တွယ် ဆောင်ရွက်မယ်ဆိုတာ အများက စိတ်ဝင်တစား စောင့်ကြည့်နေတာပါ။

ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကတော့ သူ့လက်ထက်မှာ အရင်တကြိမ်ကလို မဖြစ်စေရပါဘူးဆိုတာ အတိအလင်း အာမခံ ပြောဆို ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ပြည်တွင်း သတင်းထောက်တဦးက ဗွီအိုအေကို ပြန်ပြောပြပါ တယ်။

“သူပြောသွားတာကတော့ - ၂၀၁၀ ကဲ့သို့ ကြိုတင်ဆန္ဒမဲများဖြင့် အနိုင်ရရှိသွားခြင်းကို မိမိလက်ထက်မှာ လုံးဝမဖြစ်စေရဘူး-တဲ့။ ဦးတင်အေးက ပြောသွားတယ် ခင်ဗျ။ သူပြောတဲ့ဟာကတော့ - ကျနော့်လက်ထက်မှာ ကြိုတင်ဆန္ဒမဲတွေရပြီး အနိုင်ရသွားတာမျိုးကို လုံးဝမဖြစ်စေရပါဘူး-ပေါ့နော်။ အတိတ်က အဖြစ်တွေကိုလည်း မေ့ထားလိုက်ပါ-ပေါ့နော်။ အဲလိုမျိုးတော့ သူပြောသွားတယ် ခင်ဗျ။ ကြိုတင်မဲနဲ့ပတ်သက်ပြီး မေးတာက ရန်ကုန်တိုင်း၊ ဒေသကြီးလွှတ်တော်အမတ်တချို့၊ အမျိုးသားဒီမိုကရေစီပါတီဘက်က ဖြေတာကို ပြန်ဖြေကြားသွားတယ် ခင်ဗျ။”

ညနေ ၄ နာရီနောက်ပိုင်းမှ ရောက်လာတဲ့ ကြိုတင်မဲတွေကို လုံးဝ ထည့်သွင်းရေတွက်မှာ မဟုတ်ဘူးလို့လည်း ကော်မရှင်ဥက္ကဋ္ဌ က ပြောခဲ့ပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာဖို့ နိုင်ငံတကာက လေ့လာသူ ၁၅၉ ဦး ခွင့်ပြုလိုက်တယ်လို့ ဦးတင်အေးက ပြောပါတယ်။ အဲဒီအရေအတွက်ထဲမှာ ပြည်ပအခြေစိုက် သတင်းမီဒီယာသမားတွေပါ ပါသလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ဒါပေမဲ့လည်း လေ့လာသူတွေ၊ သတင်းမီဒီယာသမားတွေဟာ မဲရုံထဲ ဝင်ခွင့်ရမှာမဟုတ်ဘဲ ဓာတ်ပုံရိုက်ယူတာ၊ မေးမြန်းတာတွေ ကို မဲရုံနဲ့ ကိုက် ၅၀၀ အကွာကနေပဲ လုပ်ခွင့်ရမှာဖြစ်ပါတယ်။

၂၀၁၀ ပြည့် ရွေးကောက်ပွဲတုန်းက လုပ်ကိုင်ခဲ့ရတဲ့အခြေအနေနဲ့စာရင် အခုအခြေအနေက တင်းကျပ်မှုပိုများနေတယ်လို့ ပြည်တွင်းသတင်းထောက်က ပြောပါတယ်။

“လွတ်လပ်တယ်လို့တော့ လုံးဝ ပြောလို့ မရဘူးဗျ။ ၂၀၁၀ နဲ့စာလို့ရှိရင်-အတွေ့အကြုံအရ ဆိုလို့ရှိရင်တော့ မလွတ်လပ်ဘူး ပေါ့နော်။ အခုကာလနဲ့ ပြန်နှိုင်းယှဉ်လိုက်လို့ရှိရင်တော့ ၂၀၁၀ က နည်းနည်းလေး-မဆိုစလောက်လေး လွတ်လပ်တယ်လို့ ပြောလို့ရမယ်ခင်ဗျ။ အခုဟာက မဲရုံထဲလည်း ပေးမဝင်ဘူး ဆိုတော့လေ- ကျနော်တို့ မီဒီယာတွေအနေနဲ့ကတော့ အတတ်နိုင်ဆုံးတော့ မှန်မှန်ကန်ကန် ဖြစ်အောင်လို့တော့ ဝိုင်းပြီးတော့ စောင့်ကြည့်ရမယ်။ နောက်တခုက မဖြစ်သင့်တာတွေ မဖြစ်ရအောင်ပေါ့နော်။ ဖြစ်လာတဲ့ပြဿနာတွေကိုလည်း ကျနော်တို့ သတင်းထောက်တွေအနေနဲ့ ပြည်သူတွေကို ချပြရမှာကတော့ ကျနော်တို့ တာဝန်လို့ ထင်တယ်။”

မဲရုံတွေထဲ ဝင်ခွင့်ရသူတွေကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မဲရုံကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် တွေဖြစ်ကြပြီး မဲရေတွက်တဲ့အချိန်မှာ သက်သေ ၁၀ ယောက် ရှိမှာဖြစ်တယ်လို့လည်း ကော်မရှင်ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်းယူ သတင်းပို့ကြမယ့် ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ ဆောင်ရန် ရှောင်ရန်တွေကို အင်္ဂါနေ့ကပဲ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။ ဒီအချက် တွေအပြင် အခုလိုမျိုး မဲရုံထဲဝင်ပြီး ဓာတ်ပုံရိုက်ခွင့်မရ၊ သတင်းယူခွင့်မရတာကြောင့်လည်း လုပ်ကိုင်ရတဲ့နေရာမှာ အဟန့်အတား ဖြစ်သွားတယ်လို့ ပြည်တွင်းသတင်းထောက်က ပြောပါတယ်။
“အဟန့်အတားကတော့ ရှိတယ်ခင်ဗျ။ ရှိတယ်ဆိုတာက ကျနော်တို့တွေ - ရွေးကောက်ပွဲသတင်း ယူမယ့်သူတွေကို Local ထဲက လူတွေဆိုရင် ဓာတ်ပုံ သုံးပုံ ပေးရတယ်။ စိစစ်ရေးက ကောက်သွားတယ်။ ၂၀၁၀ တုန်းကလိုမျိုး မဲရုံထဲမှာ လွတ်လွတ်လပ်လပ် သတင်းယူလို့ ရမယ်ဆိုပြီးတော့ တွက်ထားကြတာပေါ့။ အခုကျတော့ ရွေးကောက်ပွဲကော်မရှင်က ဒီနေ့မှ ဘယ်သူမှ ဝင်ပြီးတော့ ဓာတ်ပုံပေးမရိုက်ဘူး ဆိုတာကျတော့လေ- သတင်းထောက်တွေအနေနဲ့တော့ အဟန့်အတား ဖြစ်သွားတယ်လို့တော့ ခံစားမိပါတယ်။”
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ပြည်တွင်းသတင်းထောက်တဦးပါ။
မဲစာရင်းရလဒ်တွေကို ရေတွက်ပြီးပြီးချင်းမှာ ကြေညာပေးမှာဖြစ်ပြီး သတင်းသမားတွေအနေနဲ့ ကော်မရှင်ရုံးအဆင့်ဆင့်ကို ဆက်သွယ်မေးမြန်းနိုင်ဖို့ လုပ်ဆောင်ပေးမယ်လို့လည်း ကော်မရှင်ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။
ကချင်ပြည်နယ်က မဲဆန္ဒနယ်သုံးခုဆီ သူသွားရောက်ကြည့်ရှုတာမှာ လုံခြုံရေးအခြေအနေ မကောင်းသေးဘူးဆိုတာ တွေ့ခဲ့ရတဲ့ အတွက် အဲဒီနေရာတွေမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ ရွှေ့ဆိုင်းရတာဖြစ်တဲ့အကြောင်းကိုလည်း သတင်းစာရှင်းလင်းပွဲ အတွင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်ခင်ဗျား။
XS
SM
MD
LG