မြန်မာနိုင်ငံ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ အစိုးရ ရ/သုံးမှန်းခြေငွေစာရင်းထဲကနေ ပယ်ဖျက်ခံရတာကြောင့် ရန်ပုံငွေ အကျပ်အတည်းဖြစ်ရပြီး မှန်းထားသလောက် မလုပ်နိုင်တော့ဘူးလို့ ကော်မရှင်အတွင်းရေးမှူးက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမဲ့လည်း ကော်မရှင်ဟာ ဆက်ပြီး တည်ရှိနေသလို ကော်မရှင်ဆိုင်ရာ ဥပဒေမူကြမ်းတရပ်ကိုတောင်မှ စပြီး ရေးဆွဲနေပြီလို့ဆိုပါတယ်။ ပြည်ပအဖွဲ့အစည်းတွေက ကူညီနိုင်ခြေ အလားအလာတွေ ရှိတာကြောင့်လည်း လုပ်ငန်း ဆောင်ရွက် နိုင်ခြေကတော့ ရှိနေပါတယ်လို့လည်း သူက အကောင်းမြင် ပြောဆိုပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပို့ထားပါတယ်။
အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းထားတာဟာ အခြေခံဥပဒေနဲ့ မကိုက်ညီတာကြောင့် ဗဟိုအဖွဲ့အစည်းအဖြစ် မသတ်မှတ်တော့သလို အစိုးရကနေ လွှတ်တော်ဆီတင်ပြတဲ့ ရ/သုံးမှန်းခြေငွေစာရင်းထဲမှာ အသုံးစရိတ် ထည့်ထားတာကနေပြီး တော့လည်း ပယ်ဖျက်ခံခဲ့ရတာပါ။ အဲဒီလိုဖြစ်ခဲ့တာကြောင့် ကော်မရှင်ကို ဖျက်လိုက်ရပြီလားဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့ အတွက် ကော်မရှင်က မတ်လ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ချက်တရပ် ထုတ်ပြန်ပြီး ကော်မရှင် တည်ရှိနေသေး ကြောင်း အတည်ပြု ပြောဆိုတာဖြစ်ပါတယ်လို့ ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ဗွီအိုအေကိုပြောပါတယ်။
“အဲဒီလို ထုတ်ပြန်လိုက်တဲ့အခါကျတော့ ကျနော်တို့ဆီမှာက ကျနော်တို့ ကော်မရှင်ကို ဖျက်လိုက်ပြီလို့ ထင်ကြတာပေါ့။ အဲလိုထင်ကြတာ ဖြစ်တဲ့အတွက် ကျနော်တို့ကော်မရှင်က ဆက်လက် တည်ရှိနေပါတယ်ဆိုတာကို နံပါတ်တစ် ကျနော်တို့က ပြန်ပြီးတော့ တင်ပြတာပါ။ တည်ရှိနေခြင်းကလည်း သမ္မတအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များ၊ နောက် တည်ဆဲ fund များနဲ့ ကိုးကားပြီးတော့ရင် သမ္မတက နိုင်ငံသားတွေရဲ့ အကျိုးအတွက် လိုအပ်တဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှုတွေကို ဆောင်ရွက်နိုင်ရန်အတွက် ဒီကော်မရှင်ကို ဖွဲ့စည်းတယ် ဆိုတာလေးကို ကျနော်တို့ ပြန်ပြီးတော့ ရှင်းလင်းတင်ပြတဲ့ သဘောပါခင်ဗျ။”
အစိုးရရဲ့ ရ/သုံးမှန်းခြေငွေစာရင်းထဲမှာ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ငန်းတွေအတွက် အသုံးစရိတ်ငွေ စုစုပေါင်း ကျပ်သန်း ၆၅၀ နီးပါး တင်ပြ တောင်းခံခဲ့တာပါ။ ကော်မရှင်ရဲ့ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေလုပ်ဖို့၊ ဝန်ထမ်းတွေကို လစာပေးဖို့ က ကျပ်သန်း ၅၀၀ ကျော်၊ လိုအပ်တဲ့စက်ပစ္စည်းကိရိယာတွေဝယ်ဖို့၊ အဆောက်အဦးလေးတွေ ဆောက်ဖို့က ကျပ် ၁၃၉ သန်း ထည့်သွင်း တောင်းခံခဲ့တာကို ပြန်ပြီး ရုပ်သိမ်းခဲ့ရပါတယ်။ လက်ရှိမှာ သမ္မတရုံးကနေ ထောက်ပံ့နိုင်တဲ့ ငွေစာရင်းအောက်ကနေ ထောက်ပံ့မယ်လို့ သိထားရတဲ့အကြောင်း ဦးစစ်မြိုင်က ပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရန်ပုံငွေအလုံအလောက်မရတဲ့အတွက် လုပ်ငန်းတွေမှာ အခက်အခဲဖြစ်ရတာကတော့ အသေအချာပါပဲ။
“ရန်ပုံငွေကတော့ အလုံအလောက်ရဖို့ အခက်အခဲရှိသွားပါတယ်။ ဒါကြောင့် အဓိက-ကတော့ ကွင်းဆင်းမှုတွေမှာ နည်းနည်းလေး ထိခိုက်မယ်။ နောက် ပြည်သူလူထုကို Human Rights Promotion လို့ခေါ်တဲ့ Training တွေ၊ Workshop တွေ၊ seminar (နှီးနှောဖလှယ်ပွဲ) တွေ လုပ်ဖို့မှာတော့ နည်းနည်းလေး ထိခိုက်သွားမယ့် အခြေအနေလေး ရှိပါတယ်။ မူလမှန်းသလောက်တော့ အများကြီး မြှင့်လို့ မရနိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ငွေကြေးလိုအပ်ချက်က ရှိတာကိုး။ သို့သော်-တခုတော့ ရှိတာပေါ့။ ကျနော်တို့ရဲ့စနစ်က ပြည်ပ ထောက်ပံ့ကူညီမှုများကို နှောင်ကြိုးမရှိရင် လက်ခံနိုင်တယ်ဆိုတဲ့ စည်းမျဉ်း ရှိပါတယ်။ ဆိုပါတော့… EU ဆိုလို့ရှိရင် ကူမယ်ဆိုတဲ့အထဲမှာ၊ တချို့-တရားဝင်မဟုတ်သော်လည်း အသံကြားရပါတယ်။ နောက် ကျနော်တို့ဆီကို လာတဲ့ အဖွဲ့တိုင်းကလည်းပဲ ပြည်ပအဖွဲ့အစည်းတွေကလည်းပဲ Human Rights Institution ကို ထောက်ခံအားပေးတဲ့ အဖွဲ့အစည်းတိုင်း ကလည်းပဲ သူတို့ကူညီမယ်၊ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ လိုလိုလားလား ကမ်းလှမ်းမှုတွေ ရှိပါတယ်။ အဲလိုဟာမျိုး ရလာပြီဆိုရင်တော့လည်း ကျနော်တို့ ဘတ်ဂျက်နဲ့ မလုပ်နိုင်တဲ့ဟာတွေကို အဲဒါတွေနဲ့ပြန် cover လုပ်ဖို့တော့ ရည်ရွယ်ချက် ရှိပါတယ်။”
သမ္မတဦးသိန်းစိန်က အမိန့်ကြေညာစာနဲ့ လက်မှတ်ရေးထိုးပြီးဖွဲ့စည်းခဲ့တဲ့ မြန်မာလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ဆောင်နိုင်ခြေ တွေအပေါ် သံသယနဲ့မေးခွန်းထုတ်တာတွေက ရှိထားတာပါ။ သမ္မတက သူ့စိတ်ကြိုက်ဖွဲ့စည်းတဲ့ လူ့အခွင့်အရေးကော်မရှင်ဟာ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေ တကယ်တမ်း တိုးတက်အောင် လုပ်နိုင်မှာမဟုတ်ဘူး ဆိုတဲ့ ဝေဖန်သံတွေကလည်း ထွက်ထားတာပါ။
ဒီလိုဝေဖန်သံတွေ၊ သံသယတွေရှိနေတာကို ဦးစစ်မြိုင်က အသိအမှတ်ပြုပြီး လက်ရှိမှာ တိုင်စာတွေကို အတော်အတန် ဆောင်ရွက်ပေးနိုင်ခဲ့သလို ပိုပြီးတိုးတက်လာအောင် ဆက်ပြီး ကြိုးပမ်းသွားလိုတဲ့ ဆန္ဒကိုလည်း ပြောခဲ့ပါတယ်။
“ကျနော်တို့ ဆောင်ရွက်ဖို့ နည်းနည်းလေး ခက်တာကတော့ မြေကိစ္စတွေမှာ နည်းနည်းလေး ရှိပါတယ်။ ကန့်သတ်ချက်ကလေးတွေ ရှိနေတာ ကျနော်တို့ တွေ့ရပါတယ်။ ဒါကတော့ လက်ရှိအခြေအနေပေါ့လေ။ မျှော်လင့်သလို ဒီထက်ပိုပြီး တိုးတက်လာအောင် ကျနော်တို့က ကာကွယ်စောင့်ရှောက်ပေးဖို့ကတော့ ဆက်ကြိုးပမ်းသွားဖို့ ကျနော်တို့မှာ ဆန္ဒရှိပါတယ်ခင်ဗျ။”
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်ပါ။
ဧပြီလ ၁ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့တော့ ကော်မရှင်ရဲ့လုပ်ငန်း ဘာမှမရှိဘဲ ကချင်ပြည်နယ် ဘက်က မဲဆန္ဒနယ်သုံးခုမှာ ရွှေ့ဆိုင်းတာကလွဲရင် ကျန်တဲ့နေရာတွေမှာတော့ ၂၀၁၀ နဲ့ယှဉ်မယ်ဆိုရင် အခြေအနေကောင်းတဲ့ သဘော လေ့လာတွေ့ရှိရပါတယ်လို့ ဦးစစ်မြိုင်က ဗွီအိုအေကို ပြောခဲ့ပါတယ်ခင်ဗျား။