သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဘက်သတင်းလွှင့်သူတွေကို တရုတ်ခြိမ်းခြောက်

တရုတ်အာဏာပိုင်တွေဟာ တိဘက် အခြေအနေဖော်ပြတဲ့ သတင်းအချက်အလက် ဖြန့်ဝေသူတွေကို ညှင်းပမ်းနှိပ်စက်မယ်လို့ ဗြောင်ခြိမ်းခြောက်နေကြောင်း နယ်စည်းမခြား သတင်းသမားများ အဖွဲ့က ပြောကြားလိုက်ပါတယ်။

အနောက်မြောက်ပိုင်း ဂျဲန်စု Gansu ခရိုင်၊ Gan Lho တိဘက် ကိုယ်ပိုင် အုပ်ချုပ်ရေးနယ်မြေက တရုတ်အာဏာပိုင်တွေဟာ ဒီအကြမ်းဘက်ရေး မူဝါဒကို ပွင့်ပွင့်လင်းလင်း ပြောကြားနေတယ်လို့ ပြင်သစ်အခြေစိုက် သတင်းလွတ်လပ်ခွင့် ဆောင်ရွက်နေတဲ့အဖွဲ့ကြီးက ကြာသပတေးနေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

တိဘက်ဆိုင်ရာ သတင်းနဲ့ အချက်အလက်တွေ ဖြန့်ဖြူးဝေငှသူတွေဟာ ရိုက်နှက်တာနဲ့ ညှင်းပမ်းနှိပ်စက်တာ ခံရမယ်လို့ ခြိမ်းခြောက်ထားတဲ့ သတိပေးစာတွေကို နယ်မြေရဲတွေက လူအများ မြင်သာတဲ့နေရာတွေမှာ ကပ်ထားတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီစာတွေကို အဝေးရောက် တိဘက်တွေအခြေချရာ အိန္ဒိယနိုင်ငံ၊ Dharamsala အခြေစိုက်၊ တိဘက် Post International သတင်းနဲ့ တိဘက်သတင်း ဝက်ဘ်ဆိုက် စာမျက်နှာတွေမှာ ဖော်ပြထားတာ တွေ့ရတယ်လို့ဆိုပါတယ်။

ဒီလို လုပ်ဆောင်တာဟာ တိဘက် ဖိနှိပ်ဆန့်ကျင်ရေးနဲ့ ပတ်သက်ပြီး ဖော်ပြတဲ့ အချက်အလက်တွေ ဖြန့်ဝေမယ့်သူတွေ ကြောက်ရွံ့အောင် တရုတ်အစိုးရက ခြိမ်းခြောက်တာမို့ နိုင်ငံတကာ ညှင်းပမ်းနှိပ်စက်မှုနဲ့ လူမဆန်တဲ့၊ ရက်စက်တဲ့ အပြစ်ပေးမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာပဋိဉာဉ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တရုတ်နိုင်ငံက ချိုးဖောက်တာဖြစ်တယ်လို့ နယ်စည်းမခြား သတင်းသမားများအဖွဲ့က ပြောပါတယ်။ ဒါ့ကြောင့် ညှင်းပမ်းနှိပ်စက်မှုဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Juan Mendez အနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

This item is part of
XS
SM
MD
LG