သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအကြိုအခြေအနေ လက်ခံနိုင်ဖွယ် မရှိ


သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းထောက်များ (၀၃-၃၀-၁၂)
သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းထောက်များ (၀၃-၃၀-၁၂)

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့်ရက် မတိုင်ခင် ဖြစ်နေခဲ့တဲ့အခြေအနေတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတခု ဖြစ်ဖို့အတွက် လက်ခံနိုင်တဲ့ အခြေအနေတွေ မဟုတ်ပါဘူးလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်း နည်းလမ်းမကျတာတွေ၊ တရားမဝင်လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့က လုပ်သင့်သလောက် တင်းတင်းကျပ်ကျပ် မလုပ်တာကလည်း စိတ်မကောင်းစရာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ မသမာမှုတွေ၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်ဖို့ ကြိုးစားတာတွေ စတဲ့ ရွေးကောက်ပွဲမတိုင်ခင် ဖြစ်ပျက်နေခဲ့တဲ့ အခြေအနေအရပ်ရပ်တွေ အပါအဝင် နိုင်ငံတကာက လေ့လာစောင့်ကြည့်သူတွေရဲ့ အခန်းကဏ္ဍ၊ သူ့ရဲ့ကျန်းမာရေး၊ လုံခြုံရေးစသဖြင့် အကြောင်းအရာမျိုးစုံကို မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝန်းအတွင်း ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က အကျယ်တဝင့် ပြောဆိုဖြေကြားခဲ့တာပါ။

မတ်လ ၂၉ ရက်နေ့က တောင်ငူမြို့မှာ NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကို လေးခွထဲ ကွမ်းသီးလုံးထည့်ပြီး ပစ်ခတ်တာ ခံရတဲ့ဖြစ်ရပ်နဲ့ တခြား ဖြစ်ရပ်တချို့ကို နမူနာပြပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဖြစ်ပျက်နေခဲ့တာတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲဖြစ်ဖို့ ထိခိုက်စေတယ် ဆိုတဲ့သဘော ပြောဆိုခဲ့ပါတယ်။

“ဒီတိုင်းပြည်မှာ ဖြစ်ပျက်နေခဲ့တာတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတခုအတွက် လက်ခံနိုင်ဖွယ်ရာ အခြေအနေထက် ကျော်လွန်နေပါတယ်။ ကျမတို့ကတော့ ရှေ့ဆက် လျှောက်ဖို့ သန္နိဋ္ဌာန် ချထားပြီးသားပါ၊ ဘာ့ကြောင့်လဲဆိုတော့ ဒါဟာ လူထုရဲ့လိုလားချက်ဖြစ်တယ်လို့ ကျမတို့ ယူဆလို့ပါပဲ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

အတိုက်ခိုက်ခံရတဲ့ တောင်ငူက လွှတ်တော် ကိုယ်စားလှယ်လောင်းဟာ ထိခိုက်ဒဏ်ရာမရခဲ့ဘဲ သူ့ရဲ့ကားကိုပဲ မှန်သွားခဲ့ပါတယ်။

ကချင်ပြည်နယ်က မဲဆန္ဒနယ်သုံးခုမှာ ရွေးကောက်ပွဲတွေမလုပ်ဘဲ ရွှေ့ဆိုင်းခဲ့တာနဲ့ပတ်သက်ပြီး NLD က ရွေးကောက်ပွဲ ကော်မရှင်ကို မေးခွန်းထုတ်ခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီဒေသတွေမှာ လုံခြုံရေးဆိုင်ရာ ပြဿနာတခုခု ရှိတယ်လို့ မိမိတို့က မယူဆလို့ပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတကာက လေ့လာစောင့်ကြည့်သူတွေ တက်ရောက်နားထောင်ခဲ့ပြီး သူတို့အနေနဲ့ ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်ပျက်နေတာတွေကိုလည်း ထည့်သွင်း စဉ်းစားလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“ရွေးကောက်ပွဲရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုတို့ဟာ ရွေးကောက်ပွဲနေ့တရက်ထဲအပေါ်မှာပဲ မူတည်မနေဘဲ ရွေးကောက်ပွဲရက်မတိုင်ခင် ဖြစ်ပျက်တာတွေပေါ်မှာလည်း မူတည်နေတယ်ဆိုတဲ့အချက်ကို လေ့လာသူတွေ ထည့်သွင်း စဉ်းစားလိမ့်မယ်လို့ မျှော်လင့် ကြောင်း၊ ပြီးခဲ့တဲ့ နှစ်လအတွင်း ဘာတွေဖြစ်ပျက်ခဲ့တာဆိုတာကို လေ့လာသူတွေအနေနဲ့ ဖြစ်နိုင်ခြေရှိသမျှ လေ့လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း” ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အဲဒီလိုဖြစ်ပျက်နေတာတွေအပေါ်မှာ အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်က လုပ်သင့်သလောက် တင်းတင်းကျပ်ကျပ် မလုပ်ခဲ့တာဟာလည်း ဝမ်းနည်းစရာကောင်းတဲ့အချက် ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီအချက်ကြောင့်တော့ လုပ်နေတာကနေ သွေဖြည်သွားမှာ မဟုတ်ဘူး ဆိုတဲ့သဘော ပြောဆိုခဲ့ပါတယ်။

“ကျမတို့ အမြဲတမ်း ရည်ရွယ်ထားတဲ့အတိုင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးရဖို့အတွက် ကျမတို့ လုပ်ဆောင်သွားမှာပါ။ အခုရွေးကောက်ပွဲတွေဟာ အဲဒီလမ်းကြောင်းမှာ နောက်ထပ် အဆင့်တခု လှမ်းလိုက်တာပဲဖြစ်မယ်လို့ ကျမတို့မျှော်လင့်ပါတယ်။” –

ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းပြည်ပသတင်းထောက်တွေ မေးမြန်းသမျှ အကြောင်းအရာပေါင်းစုံကို တနာရီခွဲကျော်ကြာ ဖြေဆိုခဲ့ပါတယ်။ ဒါဟာဖြင့် မြိတ်ဒေသဘက်ခရီးစဉ်မှာ မကျန်းမမာဖြစ်လို့ ပြန်လာခဲ့ရပြီး ၆ ရက်နီးပါးကြာ အနားယူခဲ့ပြီးတဲ့နောက် လူထုမြင်ကွင်း ပထမဆုံး ပြန်ထွက်လာတာလည်း ဖြစ်ပါတယ်။

မတ်လ ၃၁ ရက်နေ့ညမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့မှာ ညသွားအိပ်မှာဖြစ်ပြီး ဧပြီလ ၁ ရက် ရွေးကောက်ပွဲနေ့မှာ တော့ ကော့မှူးမြို့က မဲရုံတချို့ဆီ လှည့်လည် ကြည့်ရှုမှာဖြစ်ပါတယ်ခင်ဗျား။

XS
SM
MD
LG