သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ ကြိုတင်မဲစပေးပြီ


ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒီကနေ့ စတင်ပေးနေပြီဖြစ်တဲ့ ကြိုတင်မဲတွေမှာ မသမာမှုတွေမရှိရအောင် အသေအချာ စီစဉ်ဆောင်ရွက်ထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ ဒီကနေ့ မတ်လ ၃၀ ရက်ကနေ မနက်ဖြန် မတ်လ ၃၁ ရက်နေ့ထိ ၂ ရက်ကြာ ကြိုတင်မဲတွေကို သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေအတွင်း စပေးနေပြီလည်း ဖြစ်ပါတယ်။ ဒီ ကြိုတင်မဲပေးကြတဲ့ အခြေအနေတွေကိုတော့ စုံစမ်းမေးမြန်းထားတဲ့ မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။

လစ်လပ်မဲဆန္ဒနယ်တွေမှာရှိတဲ့ ရပ်/ကျေးမဲရုံတွေမှာ ဒီကနေ့ မနက် ၆ နာရီကစလို့ ကြိုတင်မဲတွေ စပေး နေကြပါပြီ။ ဒီကနေ့ မတ်လ ၃၀ ရက် ကနေ မနက်ဖြန် မတ်လ ၃၁ ရက်အထိ ၂ ရက်ကြာ မနက် ၆ နာရီ ကနေ ညနေ ၆နာရီထိ ကြိုတင်မဲတွေ ပေးနိုင်ကြပြီး မတ်လ ၃၁ ရက်နေ့ ညနေ ၆ နာရီမှာ ကြိုတင်မဲစာရင်းတွေ ပိတ်မှာ ဖြစ်ပါတယ်။

ဒီကနေ့ဆိုရင် မန္တလေးတိုင်းအတွင်းက ရပ်/ကျေး မဲရုံတွေမှာ ကြိုတင်မဲတွေကို လက်ခံနေပြီလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တဦးလည်းဖြစ်၊ မန္တလေးတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်အပြင် နေပြည်တော်ခရိုင် မဲဆန္ဒနယ်တွေအတွက် တာဝန်ခံတဦးလည်းဖြစ်သူ ဦးဝင်းကြည်က ပြောပါတယ်။

“ရပ်/ကျေးမှာ ကြိုတင်မဲတွေ စပြီးတော့ ပေးနေပါပြီ။ ကျနော်တို့ မနက်က တံတားဦးမှာ ကြည့်ခဲ့တယ်။ တံတားဦး ရပ်/ကျေးရုံးမှာ သွားပြီးကြည့်တော့ ကြိုတင်မဲတချို့ ပေးနေတယ်။ ဘယ်သူတွေပေးနေသလဲလို့ မေးတော့ မဲရုံမှူးတွေ၊ မဲရုံအဖွဲ့ဝင်တွေပါ။ သူတို့က သဘက်ခါကျလို့ရှိရှင် မဲရုံတွေကို မနက် ၆ နာရီက စဖွင့်ရမှာဖြစ်တဲ့အတွက် မနက် ၄ နာရီ လောက်ကတည်းကစပြီး လှုပ်ရှားကြရမှာဖြစ်လို့ မဲပေးချိန်မရှိပါဘူး။ မရှိတဲ့အတွက် သူတို့ကို ကြိုတင်မဲပေးတာ၊ ၃၀ နဲ့ ၃၁ ရက် ၂ ရက်မှာ ခွင့်ပြုထားပါတယ်။ မန္တလေးတိုင်းထဲမှာရှိနေတဲ့ တခြားမြို့နယ်တွေ ကျောက်ပန်းတောင်းတို့၊ မိတ္ထီလာတို့၊ နထိုးကြီး (နွားထိုးကြီး) တို့- အဲဒီတွေမှာလည်း ရပ်/ကျေးမဲတွေ စပြီးတော့ ပေးနေပါတယ်။ ”

ဒါပေမယ့် ဒုတိယဝန်ကြီးအဆင့်ရှိသူတွေ၊ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ခရိုင်ကော်မရှင် အဖွဲ့ဝင်တွေကိုတော့ ချွင်းချက်အရ ဆယ်ရက် ကြိုတင်မဲပေးခွင့် ပြုထားတယ်လို့လည်း ဦးဝင်းကြည်က ပြောပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ တုန်းက ပြဿနာအကြီးအကျယ်ရှိခဲ့တဲ့ ဒီကြိုတင်မဲကိစ္စကို အခု ကြားဖြတ်ရွေးကောက်ပွဲမှာ ထပ်မဖြစ်အောင် စံနစ်တကျ စီမံ ဆောင်ရွက်ထားတယ်လို့လည်း ပြောပါတယ်။

ရပ်/ကျေးမှာ လက်ခံတဲ့ ကြိုတင်မဲကို ဧပြီ ၁ ရက် မနက် ၆ နာရီထက် နောက်မကျစေရဘဲ မဲရုံတွေကို ပို့ရမှာ ဖြစ်ပြီး မဲဆန္ဒနယ် အပြင်ဘက်ရောက်သူတွေ မြို့နယ်ကော်မရှင်မှာ ပေးကြတဲ့ ကြိုတင်မဲတွေကိုတော့ ဧပြီလ ၁ ရက်၊ ညနေ ၄ နာရီထက် နောက်မကျဘဲ မဲရုံတွေဆီ ရောက်ရမှာ ဖြစ်ပါတယ်။

အခု သူတာဝန်ခံရာ မဲဆန္ဒနယ် ၃ ခုထဲမှာတော့ ဒီကနေ့ ညနေ စာရင်း အတိအကျ မတက်လာသေးပေမယ့် ကြိုတင်မဲ ပေးတဲ့သူ စာရင်းအများကြီးမရှိဘူးလို့လည်း ရှင်းပြပါတယ်။

“နောက်ဆုံး အတိအကျတော့ မသိဘူး။ များစရာတော့ အကြောင်းမရှိပါဘူး။ သတ်မှတ်ချက်တွေနဲ့အကုန်လုံး လုပ်ထား တဲ့အတွက်- မနက်ဖြန်ဆိုလို့ရှိရင် ရပ်/ကျေးမှာဘယ်လောက်ရှိလဲဆိုတာ အကြမ်းဖျင်း မနက်ဖြန်လောက်ဆို သိပါပြီ။ အားလုံးဟာ သေချာလုပ်ထားတဲ့အတွက် ကြိုတင်မဲတွေ အလကားနေရင်း များစရာမရှိပါဘူး။ ကြိုတင်မဲကလည်း ပေးချင်တိုင်းပေးလို့ မရပါဘူး။ အခု အကြမ်းဖျင်းပြောရရင်တော့ ကြိုတင်မဲတွေ အများကြီးနည်းသွားပါတယ်။ ကြိုတင်မဲတွေ အများကြီး မရှိပါဘူး”

မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင်က မဲရုံတွေကို နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေ သွားဖို့ စီစဉ်ထားတာနဲ့ ပတ်သက်လို့လည်း ဦးဝင်းကြည်က အခုလို ရှင်းပြပါတယ်။

“စီစဉ်တယ်ဆိုတာကတော့ သူတို့နောက်က နိုင်ငံခြားရေးရုံးကနေပြီးတော့ Liaison officers (ဆက်သွယ်ရေးအရာရှိတွေ) ပါပါလိမ့်မယ်။ သူတို့ သွားချင်တဲ့ နေရာကို လိုက်ပြီးတော့ ပြပါမယ်။ ကျနော်က ဘယ်မဲရုံကြည့်ပါ။ ဘာလုပ်ပါလို့ မလုပ်ပါဘူး။ သူတို့ ကြိုက်တဲ့ မဲရုံပဲ ပြတယ်လို့ ဖြစ်မှာစိုးလို့။ ကြိုက်တဲ့မဲရုံကို သွားပါ။ မန္တလေးတိုင်းမှာ ဆိုလို့ရှိရင် မဟာအောင်မြေနဲ့ ပြင်ဦးလွင်ကို ကြည့်ပါမယ်။ ကျန်တဲ့နေရာတွေ သူတို့စာရင်းပေးထားတဲ့အထဲမှာ မပါပါဘူး။

ဧရာဝတီတိုင်းမှာဆိုရင်လည်း ပုသိမ်မှာ ကြည့်ပါမယ်။ သူ့ဟာနဲ့သူ အကုန်လုံး ခွဲထားပြီးသားပါ။”

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အခုလိုမျိုး စနစ်တကျ စီစဉ်ဆောင်ရွက် ထားတယ်လို့ ပြောပေမယ့် NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုလောလောဆယ် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် မြင်တွေ့ရတဲ့ အခြေအနေတွေအရ လွတ်လပ်ပြီး တရားမျှတမယ့် အခြေအနေဆိုတာ ပြောဖို့ လက်ခံနိုင်စရာမရှိဘူးလို့ ဒီကနေ့ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောသွားပါတယ်။

ဒီအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တဦးရဲ့ သဘောထားနဲ့အမြင်ကို သိချင်ပါတယ်လို့ ဦးဝင်းကြည်ကို မေးကြည့်တော့-

“အဲဒါကိုတော့ ကျနော် ဘာမှ မပြောချင်ပါဘူး။ သူ့အမြင်ပါပဲ-နော်။ ကျနော်က နိုင်ငံရေးသမားလည်း မဟုတ်တဲ့အတွက် မဝေဖန်ချင်ပါဘူး။ ရွေးကောက်ပွဲပြီးတဲ့အခါမှာလည်း လုပ်တဲ့ဟာတွေက တရားမဲ့ ပြုကျင့်မှုဖြစ်တယ်လို့ ခိုင်ခိုင်မာမာ သိတယ်ဆိုလို့ရှိရင် ကျနော်တို့ကို ကန့်ကွက်လွှာတင်လို့ ရပါတယ်။ ကျနော်ကတော့ အဲဒီအပေါ်မှာ ဘာမှ မဝေဖန်ချင်ပါဘူး။ မပြောချင်ပါဘူး။ ကျနော်ကတော့ အမှန်ကန်ဆုံးဖြစ်အောင် ကျနော်တို့အားလုံးက ကြိုးစားပါတယ်။ နိုင်ငံတော်အစိုးရကလည်း လိုအပ်တာတွေ ဖြည့်ဆီးပြီးတော့ ပေးပါတယ်”

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်ကို ဆက်သွယ်မေးမြန်းထားတာပါ။ ရန်ကုန်တိုင်းမှာဆိုရင်လည်း ကြိုတင်မဲတွေ စပေးနေပြီ ဖြစ်ပေမယ့် တိုင်းကော်မရှင်ကို စာရင်းအတိအကျတော့ တက်မလာသေးဘူးလို့ ရန်ကုန်တိုင်း၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်မှူးကြီး ဦးကိုကိုက ပြောပါတယ်။

“စာရင်းတွေကလည်း ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲတွေမှာပဲ ပေးနေကြတယ်။ အခုချိန်အထိ ကြိုတင်မဲ ဘယ်လောက်အထိ အခုအချိန်ထိအောင် ရနေပြီလဲဆိုတာ အန်ကယ်လ်တို့ဆီ Report မတက်သေးဘူး။ မနက်ဖြန်လောက်ဆိုရင်တော့ အကြမ်းဖျင်းသိရမယ်။ ၂ ရက်စာပေါ့နော်။ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲမှာ လုံလုံခြုံခြုံ သိမ်းထားမယ်။ ဧပြီလ ၁ ရက်နေ့ မနက် ရောက်တဲ့အခါကျတော့ ၂ ရက်ပေးထားတဲ့ ကြိုတင်မဲလက်မှတ်ပါတဲ့ စာအိတ်တွေနဲ့ ကြိုတင်မဲပေးထားတဲ့ ဆန္ဒမဲရှင်တွေရဲ့ နာမည်စာရင်းပါတဲ့ ပုံစံ ၁၃ ပေါ့- အဲဒါတွေကို မနက် ၆ နာရီမတိုင်ခင် ပို့ရမယ်ခင်ဗျ။ ”

ရန်ကုန်တိုင်း၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်မှူးကြီး ဦးကိုကိုက ပြောသွားတာပါရှင်။ ကြိုတင်မဲ ဆိုတာတွေတော့ ပြည်ပရောက်မဲဆန္ဒရှင်တွေနဲ့ ပြည်တွင်းမှာ နာမကျန်းဖြစ်သူတွေ၊ အသက်အရွယ် ကြီးရင့်သူတွေနဲ့ သားဖွားသူ၊ အချုပ်ကျသူနဲ့ နယ်မြေကျော်ခရီးထွက်နေရသူကိုသာ ကြိုတင်မဲပေးခွင့်ပြုထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG