သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD မဲဆန္ဒပညာပေးပွဲသွားစဉ် ဝင်းကုန်းရွာလုံးကျွတ်နီးပါး မီးလောင်


စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဝင်းကုန်းရွာမှာ မတ်လ ၂၉ ရက်နေ့ ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ရာမှာ အိမ်ခြေ ၁၃၀ ကျော် တရွာလုံးနီးပါး လောင်ကျွမ်းပြီး လူ ၁,၀၀၀ ကျော်လောက် အိုးအိမ်မဲ့ဖြစ်ရပါတယ်။ ဝင်းကုန်းရွာမီးဟာ ရွာသူရွာသားတွေ အားလုံးနီးပါးလောက် ပုလဲမြို့ကိုသွားရောက်ပြီး အနုပညာရှင်တွေပါဝင်တဲ့ ရွေးကောက်ပွဲအကြို ဆန္ဒမဲပေးရေး-ပညာပေးနဲ့ ဖြေဖျော်ရေးပွဲကို သွားရောက်နေချိန်မှာ လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

မီးလောင်ကျွမ်းခဲ့တဲ့ ဝင်းကုန်းကျေးရွာဟာ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းက အလောင်းတော် ကဿပ တောင်ခြေ၊ ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အကြား ဒေသလောက်မှာ တည်ရှိတာဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့အပြင် ရေရှားပါးတဲ့ဒေသမှာ တည်ရှိတာဖြစ်ပါတယ်။

မီးလောင်ကျွမ်းတဲ့ အခြေအနေကိုတော့ ပုလဲမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်တဲ့ဒေါ်ခင်စန်းလှိုင်က အခုလို ပြောပါတယ်။

“မနေ့ကမီးလောင်တာပါ။ အိမ် ၁၃၅ လုံးပါ။ မနေ့ညနေကတုန်းကတော့ ဒီပုလဲမြို့မှာ အနုပညာရှင်တွေလာပြီး ဖျော်ဖြေတော့ ဒီပွဲကိုလာတဲ့အခါမှာ မီးကြွင်းမီးကျန်ကနေ လောင်တယ်လို့လည်း အကြမ်းဖျင်းတော့ သိထားရတယ်။ လာတာကတော့ မနေ့ကတော့ ပရိသတ်က သိန်းချီလာကြတာပဲ။ အဲဒီရွာက လူဦးရေ ဘယ်လောက် လာမလာတော့ မသိရဘူး။ သို့သော်လည်း အများပြောစကားအရတော့ ရွာမှာ လူမရှိတုန်း မီးလောင်တယ်လို့တော့ ဒီလို ပြောတာပဲရှင့်။”

မနေ့ညနေက စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှာ လူမင်း၊ ရဲတိုက်၊ မာရဇ္ဇ၊ ဝိုင်း၊ ထွန်းအိန္ဒြာဗိုလ်၊ ချစ်သုဝေ၊ လင်းလင်း စတဲ့ အနုပညာရှင်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ မဲပညာပေးရေးနဲ့ ဖျော်ဖြေရေးပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ယင်းမာပင် မီးသတ်ကို ဆက်သွယ်မေးမြန်းရာမှာတော့ မနေ့ညနေ ၃ နာရီလောက်မှာ မီးလောင်တာဖြစ်ပြီး ယင်းမာပင်မှာ ရှိတဲ့ မီးသတ်ကား ၂ စင်း သွားရောက် ငြိမ်းသတ်ခဲ့ပေမဲ့ တစင်းက လမ်းမှာပျက်တာကြောင့် ဆက်မသွားနိုင်ခဲ့ဘူးလို့ ပြောပါတယ်။ အဲဒီကို သွားရောက်သူတွေ ဒီကနေ့ ညနေ ၃ နာရီအထိ ပြန်မလာသေးတာကြောင့် အခြေအနေ အသေးစိတ် မသိရသေးဘူးလို့ မီးသတ်ရုံး တာဝန်ကျသူတယောက်က ပြောပါတယ်။ မုံရွာမြို့နယ် မီးသတ်ကတော့ သူတို့ဆီကလည်း သွားရောက်ငြိမ်းသတ်ခဲ့ကြောင်း၊ အိမ်ခြေ ၁၃၄ လုံး လောင်ကျွမ်းခဲ့ကြောင်း ပြောပါတယ်။ အသေးစိတ်ကိုတော့ မပြောပါဘူး။

ဒီကနေ့မှာတော့ ယင်းမာပင်နဲ့ မုံရွာမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေက ကယ်ဆယ်ရေး သွားရောက်ခဲ့ကြတယ်လို့ ဒေါ်ခင်စန်းလှိုင်က ဆက်ပြောပါတယ်။

“ယင်းမာပင်မြို့နယ်နဲ့ မုံရွာမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကတော့လေ ဒီကနေ့ သွားကြပါပြီ။ အဓိက လိုအပ်တာကတော့ အဲဒီဘက်ကတွေက ရေက အင်မတန်ရှားတာဆိုတော့လေ။ အဓိကတော့ သောက်ရေ၊ သုံးရေပေါ့။ နောက် စားစရာ ဆန်တို့၊ ဘာတို့ - အဲဒါတွေ လုပ်ပေးနေပါတယ်။ ကျမတို့ဆီကတော့ မနက်ဖြန်မှ သွားဖို့ ရှိပါတယ်။”

အခြားဒေသခံအာဏာပိုင်တွေ သွားရောက်ကူညီတယ်ဆိုတာတော့ မကြားသိရသေးပါဘူး။ ပြီးခဲ့တဲ့မတ်လ ၂၆ ရက်နေ့က ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ် သီလဝါ ဆိပ်ကမ်းမှာ မီးလောင်ကျွမ်း ခဲ့တာကြောင့် နိုင်ငံခြားကို တင်ပို့မယ့် သစ်လုံးတန်ချိန် ၇,၀၀၀ ထောင် ။ ဒေါ်လာငွေ ၅ သန်းဖိုးလောက် ဆုံးရှုံးခဲ့ရပါတယ်။

XS
SM
MD
LG