သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ ရွေးကောက်ပွဲမျိုးမဖြစ်ဖို့ အရေးကြီးလို့ ကင်တာနားသတိပေး


ဧပြီလတစ်ရက်နေ့မှာ ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ အရင် ၂၀၁၀ တုန်းကလို အများလက်ခံမှုမရခဲ့တဲ့ ရွေးကောက်ပွဲမျိုး ထပ်မဖြစ်ဖို့လိုအပ်ပြီး ဒါဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်းလဲမှုအတွက် စမ်းသပ်မှု တခုဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားက ပြောကြားလိုက်ပါတယ်။ ဒီအကြောင်းကို မစ္စတာကင်တားနားကို ဆက်သွယ်မေးမြန်းခဲ့တဲ့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တနင်္ဂနွေနေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ နိုင်ငံ့သမိုင်းကြောင်းမှာ အရေးပါတဲ့၊ အတိမ်းအစောင်းမခံတဲ့ ကာလဖြစ်နေသလို မြန်မာနိုင်ငံ ဒီမိုကရေစီရေးပြောင်းလဲမှုအတွက် စမ်းသပ်မှုတခုလည်းဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်စ်၊ အိုဟေး၊ ကင်တားနားက ဗွီအိုအေ၊ မြန်မာပိုင်းကို ပြောကြားလိုက်ပါတယ်။

“ဒီမိုကရေစီလမ်း လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံအတွက် ဒါဟာ စမ်းသပ်မှုတခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီအောင် ကျင်းပမပေးနိုင်ခဲ့တာကို သင်ခန်းစာယူပြီး အခုလက်ရှိ အရပ်သားအစိုးရအနေနဲ့ အများယုံကြည်မှုရစေမယ့် ရွေးကောက်ပွဲမျိုးကျင်းပပေးဖို့ရာ ဒါဟာ အခွင့်ကောင်းတရပ်လည်းဖြစ်ပါတယ်”

မြန်မာနိုင်ငံရဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ၊ လူ့အခွင့်အရေးကောင်စီက တာဝန်ပေးခန့်အပ်ထားတဲ့ မစ္စတာကင်တားနားက မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ဖို့နဲ့ လွတ်လပ်ပွင့်လင်းပြီး တရားမျှတမှုရှိဖို့ ဆက်တိုက် ဖိအားပေးတောင်းဆိုခဲ့ပြီး ရွေးကောက်ပွဲကို အများလက်ခံယုံကြည်မှုရှိစေချင်ရင် ရွေးကောက်ပွဲကျင်းပတဲ့နေ့ တနေ့တည်းနဲ့ မပြီးဘဲ မကျင်းပခင်ရော ကျင်းပပြီးနောက်ပိုင်းမှာပါ ပွင့်လင်းမျှတဖို့လိုတယ်လို့လည်း ပြောပါတယ်။

“ဒါဟာ သိပ်ကိုအရေးကြီးတာရှင်းပါတယ်။ ဒါကို ကျနော် ဖေဖော်ဝါရီလ မြန်မာနိုင်ငံသွားတုန်းက အာဏာပိုင်တွေကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးအရလည်း တွေ့ပြီး ပြောခဲ့သလို အခုလည်း ကြေညာချက်ထုတ်ပြီးပြောလိုက်တာပါ။ ဒါဟာ အရပ်သားအစိုးရအနေနဲ့ လူအများလက်ခံယုံကြည်မှုရှိတဲ့ အစိုးရတရပ်အဖြစ် အသိအမှတ်ပြုလာဖို့ လွတ်လပ်ပြီး ပွင့်လင်းမှုရှိဖို့ဆိုတာဟာ သိပ်ကို အရေးကြီးတာပါ”

မြန်မာအစိုးရသစ်အဖွဲ့က နိုင်ငံရေးအကျဉ်းသား အတော်များများကို လွှတ်ပေးခဲ့သလို နိုင်ငံရေးပါတီတွေလည်း ထူထောင်ခွင့်ပေးခဲ့တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မဲဆွယ်ခရီး လွတ်လွတ်လပ်လပ် ထွက်ခွင့်ပေးခဲ့တာအပြင် ပြည်ပက ရွေးကောက်ပွဲအကဲခတ်သူတွေကို မြန်မာနိုင်ငံအတွင်း လာရောက်ခွင့်ပေးလိုက်တာမို့ ဒါဟာ လူ့အခွင့်အရေးဆိုင်ရာ အပြုသဘောဆောင် ပြောင်းလဲမှုတွေ ဖြစ်လို့ အားပေးတယ်လို့ ဆိုပါတယ်။

“ဒီလို ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ဖိတ်ကြားခဲ့တာအတွက် ကျနော် ကြိုဆိုပါတယ်။ ဒါပေမဲ့ သူတို့တွေ ဘယ်အခန်းကဏ္ဍကနေပါဝင်ဖို့ ဖိတ်ကြားတယ်ဆိုတာ တိတိကျကျမသိရတဲ့အပြင် ဘယ်အတိုင်းအတာအထိ လေ့လာခွင့်ရှိမယ်ဆိုတာလည်း သေသေချာချာမသိရပါဘူး။ ဒါ့ကြောင့် ကျနော့်အမြင်ပြောရရင် လွတ်လပ်ပြီး တရားမျှတမှုရှိစေမယ့် ရွေးကောက်ပွဲ အခြေအနေမျိုး အပြည့်အဝမတွေ့ရပေမယ့် ဒါတွေဟာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေလို့တော့ ကျနော် လက်ခံထားပါတယ်”

ဒါပေမဲ့ ရွေးကောက်ပွဲမတိုင်ခင် မသမာမှုတချို့ ရှိနေတာတွေ့ရတာမို့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်းလဲမှုအတွက် လူအများလက်ခံပြီး မြန်မာလူထုရဲ့ ယုံကြည်မှုတည်ဆောက်နိုင်အောင် အာဏာပိုင်တွေဘက်က တရားမျှတတဲ့၊ ငြိမ်းချမ်းတဲ့ရွေးကောက်ပွဲကျင်းပပေးနိုင်ဖို့ ပြတ်ပြတ်သားသားတော့ လုပ်ပြရမယ်လို့ ပြောပါတယ်။ ဒါ့အပြင် အရင်ကျင်းပခဲ့တဲ့ နိုင်ငံတကာစံနှုန်းနဲ့ မကိုက်ညီတဲ့ရွေးကောက်ပွဲလိုမျိုး ထပ်ပြီး မဖြစ်စေဖို့လည်း သတိပေးလိုက်ပါတယ်။

XS
SM
MD
LG