သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပြုပြင်မှုအတွက် အမေရိကန်တုံ့ပြန်ဖို့ ဆွေးနွေးနေ


ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆန္ဒနယ်အားလုံးနီးပါးအနိုင်ရခဲ့တဲ့ တနင်္ဂနွေနေ့ကကြားဖြတ်ရွေးကောက်ပွဲငြိမ်းငြိမ်းချမ်းချမ်းပြီးဆုံးသွားခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် အမေရိကန်ဘက်ကလည်း ရှေ့ဆက် တုံ့ပြန်မှုတွေလုပ်သွားဖို့ ဆွေးနွေးမှုတွေလုပ်နေတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဘယ်လိုတုံ့ပြန်မှုမျိုးတွေ ဖြစ်မလဲဆိုတာ ခုချိန်မှာ မပြောနိုင်သေးပေမဲ့ မြန်မာအစိုးရဘက်က ပြုပြင်ဆောင်ရွက်မှုတွေနဲ့အညီ အမေရိကန်ဘက်ကလည်း တုံ့ပြန်သွားမှာဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland က မနေ့က နိုင်ငံခြားရေးဌာနရဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပါ။

“ကျမတို့အနေနဲ့ အစိုးရအတွင်းပိုင်း ဆွေးနွေးမှုတွေလုပ်နေပါတယ်။ အမေရိကန်နဲ့ အလားတူတဲ့ တုံ့ပြန်မှုတွေ လုပ်သွားနိုင်ဖွယ်ရှိတဲ့ ကျမတို့ရဲ့မဟာမိတ်တွေ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့ဝင်တွေ၊ အီးယူ ဥရောပသမဂ္ဂတို့နဲ့လည်း ဆွေးနွေးတိုင်ပင်မှုတွေ လုပ်နေပါတယ်။”

နိုင်ငံခြားရေးဝန်ကြီးကလင်တန် အီစတန်ဘူးလ်မြို့က အစည်းအဝေးအတွင်းပြောခဲ့သလိုပဲ မြန်မာအစိုးရ အနေနဲ့ ရွေးကောက်ပွဲ မသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့အပေါ်မှာ မြန်ဆန်ထိရောက်တဲ့ စစ်ဆေးဆောင်ရွက်မှုတွေ လုပ်ပြီး ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့အတွက် သိပ်ကို အရေးကြီးပါတယ်၊ ဒါမှသာ ထင်သာမြင်သာရှိမှု အပါအဝင် နိုင်ငံတကာရဲ့ စံချိန်စံညွှန်းတွေကို ပြည့်မီလာမှာဖြစ်တယ်လို့လည်း ပြောခွင့်ရအမျိုးသမီး Nuland က ပြောသွားပါတယ်။

“နောက်တကြိမ် ရွေးကောက်ပွဲတွေ စီစဉ်ကျင်းပနိုင်တဲ့အထိ မြန်မာနိုင်ငံရဲ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် ပြောင်းလဲဖြစ်ထွန်းသွားဖို့ ကျမတို့ မျှော်လင့်ထားပါတယ်။ နောက်တကြိမ် ရွေးကောက်ပွဲက ၂၀၁၅ ခုနှစ်မှာ ကျင်းပဖို့ စီစဉ်ထားတာလို့ ထင်ပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Victoria Nuland ပြောသွားတာဖြစ်ပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲတွေ တရားမျှတမှု ရှိမရှိဆိုတာကို စောင့်ကြည့်ပြီး မြန်မာအပေါ် ချမှတ်ထားတဲ့ မူဝါဒ အပြောင်းအလဲတွေ လုပ်ကောင်းလုပ်မယ်ဆိုပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အချက်ပြ ပြောဆိုထားတာဖြစ်ပါတယ်။ တချိန်တည်းမှာလည်း အခု ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်တခုတည်းကိုပဲ ကြည့်ပြီး မြန်မာအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်ဖို့မသင့်ကြောင်းနဲ့ နောက်သုံးနှစ်ကြာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲတွေ ကျင်းပတဲ့အချိန်အထိ အခြေအနေတွေကို စောင့်ကြည့်ပြီးတော့မှ ဆုံးဖြတ်ဆောင်ရွက်သင့်တဲ့ အကြောင်း ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်ရှင်။

XS
SM
MD
LG