ဆီးရီးယားနိုင်ငံမှာ ငြိမ်းချမ်းရေး စောင့်ကြည့်အကဲခတ်သူတွေထားရှိဖို့ ကုလသမဂ္ဂက ကိုယ်စားလှယ် အဖွဲ့တဖွဲ့ စေလွှတ်နေချိန်မှာပဲ အစိုးရနဲ့ အတိုက်အခံသူပုန်တပ်တွေကြား ပြင်းထန်တဲ့တိုက်ပွဲတွေ အင်္ဂါနေ့က ဆက်လက်ဖြစ်ပွားနေပါတယ်။ နိုင်ငံအလယ်ပိုင်းက Homs မြို့အပါအဝင် နေရာ အတော်များများမှာ အစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
Idlib ပြည်နယ် Taftanaz မြို့စွန်အရပ်မှာဆိုရင်လည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားပြီး နိုင်ငံ တဝှမ်း ထိခိုက်သေဆုံးမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။
ကုလသမဂ္ဂနဲ့ အာရပ် အဖွဲ့ချုပ် ငြိမ်းချမ်းရေး ကိုယ်စားလှယ် Kofi Annan ရဲ့ပြောခွင့်ရသူ Ahmad Fawzi ကတော့ ငြိမ်းချမ်းရေး အခြေအနေတွေကို စောင့်ကြည့်မယ့် နိုင်ငံတကာကိုယ်စားလှယ်တွေ ထားရှိရေး ဆွေးနွေးမယ့် ကုလသမဂ္ဂကိုယ်စားလှယ် အဖွဲ့တဖွဲ့ဟာ ၄၈ နာရီအတွင်း ဆီးရီးယားကိုရောက်မယ်လို့ အင်္ဂါနေ့မှာပဲ ပြောခဲ့တာဖြစ်ပါတယ်။
နိုင်ငံတကာက စောင့်ကြည့်သူတွေချထားရေး အသေးစိတ် အစီအစဉ်တွေကို ကိုယ်စားလှယ် အဖွဲ့က ရေးဆွဲသွားမှာ ဖြစ်တယ်လို့လည်း ပြောခွင့်ရသူက ဗွီအိုအေကိုပြောခဲ့တာပါ။
အတိုက်အခံဆန္ဒပြပွဲတွေ ဖြစ်ပွားရာ အချက်အခြာဒေသတွေကနေ လုံခြုံရေးတပ်ဖွဲ့တွေအားလုံး ရှေ့တပတ် အင်္ဂါနေ့ နောက်ဆုံးထား ရုပ်သိမ်းမယ့်အစီအစဉ်တရပ်ကို သမ္မတ Bashar al-Assad က လက်ခံလိုက်ပြီဖြစ်တဲ့အကြောင်း ငြိမ်းချမ်းရေး သံတမန် Kofi Annan က ပြောဆိုအပြီး နောက်တရက်မှာပဲ ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ရဲ့ခရီးစဉ်ကို ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့နေရာမှာ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ ၂ နာရီ ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိနိုင်ရေးဆွေးနွေးဖို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC အကြီးအကဲ Jakob Kellenberger ဟာလည်း ဒမတ်စကတ် မြို့တော်ကို ရောက်နေပါတယ်။