သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် အနောက်အုပ်စုဒဏ်ခတ်မှု ရုပ်သိမ်းပေးဖို့ ASEAN တောင်းဆို


အာဆီယံအဖွဲ့ဝင်ဆယ်နိုင်ငံက သမ္မတနှင့် ဝန်ကြီးချုပ်များ။
အာဆီယံအဖွဲ့ဝင်ဆယ်နိုင်ငံက သမ္မတနှင့် ဝန်ကြီးချုပ်များ။

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူထားတာတွေ ချက်ခြင်းရုပ်သိမ်းပေးဖို့ အာဆီယံခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဒီလို ပြောဆိုမှုဟာ စောလွန်းသေးတယ် လို့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ တခြား အာဆီယံ လွှတ်တော်အမတ်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့အာဆီယံထိပ်သီးစည်းဝေးပွဲရဲ့အပိတ်မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေရုပ်သိမ်းပေးဖို့ ဒီထိပ်သီးစည်းဝေးပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဟွန်ဆန်က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

“သူပြောသွားတာကတော့ - မြန်မာနိုင်ငံမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ ပြီးစီးပြီးခဲ့တဲ့နောက် သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းပေးဖို့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းက တောင်းဆိုပါတယ်-တဲ့။ ပထမအဆင့် အနေနဲ့ မလေးရှားနိုင်ငံကို မကြာခင်လာလည်မယ့် ဗြိတိသျှဝန်ကြီးချုပ်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး မလေးရှား ဝန်ကြီးချုပ်က ပြောဆိုဆွေးနွေးသွားမှာပါ- တဲ့။ အခြေခံအားဖြင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုတွေကို အာဆီယံအနေနဲ့ ထောက်ခံအားပေးသွားမှာဖြစ်ပြီး မြန်မာနိုင်ငံ အတွင်းက ဖွံ့ဖြိုးမှု လုပ်ငန်းတွေကို ထောက်ပံ့ပေးနိုင်အောင် မြန်မာနိုင်ငံအပေါ်ပိတ်ဆို့ အရေးယူထားကြတဲ့ နိုင်ငံတွေအနေနဲ့ အဲဒီ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးကြဖို့ တောင်းဆိုပါတယ်” လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ခမာလိုပြောသွားတာပါ။

မြန်မာနိုင်ငံမှာ ဧပြီလ တစ်ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမတ်နေရာ ၄၄ နေရာ ဝင်ပြိုင်တဲ့အထဲက ၄၃ နေရာကိုအနိုင်ရလိုက်ပြီးတဲ့ နောက်မှာ ဒီလို တောင်းဆိုမှုတွေထွက်လာလိမ့်မယ်လို့ အများက မျှော်လင့်ထားကြတာပါ။ မြန်မာနိုင်ငံအပေါ် ချမှတ်ပိတ်ဆို့ထားတဲ့ အရေးယူမှုတွေ ရုပ်သိမ်းပေးဖို့ အချိန်တန်ပြီဆိုတဲ့အကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်ဆူဝမ်ကလည်း အာဆီယံစည်းဝေးပွဲနောက်ဆုံးနေ့မှာ ပြုလုပ်တဲ့ ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ပြောဆိုခဲ့ပါတယ်။

"ပိတ်ဆို့အရေးယူမှုတွေသာ ရုပ်သိမ်းပေးလိုက်ရင် မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ထဲမှာ ပိုပြီးထိရောက်တဲ့ အဖွဲ့ဝင်ဖြစ်လာရုံတင်မကဘဲ နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာပါ ပိုပြီး ဝင်ဆန့်လာမှာဖြစ်သလို မြန်မာပြည်သူပြည်သားတွေရဲ့ နေထိုင်မှုဘဝတွေလည်း ပိုပြီးတိုးတက်ကောင်းမွန်လာစေမယ့် ဖွံ့ဖြိုးတိုးတက်မှုတွေ ဆင့်ကဲဖြစ်ပေါ်လာမယ်လို့ အာဆီယံခေါင်းဆောင်တွေက ယုံကြည်နေကြတာပါ။ ဒါကြောင့် အရှိန်ရလာနေပြီဖြစ်တဲ့ ဒီ ပြုပြင်ပြောင်းလဲမှုတွေကို ပိုပြီး ဖြစ်ပေါ်လာအောင် ကျနော်တို့ ဝိုင်းဝန်း ပံ့ပိုးပေးကြရအောင်ပါ။ မြန်မာနိုင်ငံဘက်ကလည်း ဒီကိစ္စမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေတာကို ကျနော်တို့ တွေ့နေကြရပြီဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ အခုလို ပြုပြင်ပြောင်းလဲမှုတွေဖြစ်ပေါ်လာဖို့ အာဆီယံအနေနဲ့ ထောက်ပံ့အားပေးခဲ့သလို တခါတရံမှာလည်း ဝေဖန်ပြောဆိုတဲ့ နည်းဗျူဟာကို အသုံးပြုခဲ့တယ်လို့လည်း ဆူရင်းပစ်ဆူဝမ်က ပြောပါတယ်။

အာဆီယံအပါအဝင် မြန်မာနိုင်ငံက ကြားဖြတ်ရွေးကောက်ပွဲကို သွားရောက်လေ့လာခဲ့ကြတဲ့သူတွေအားလုံးက ဒီရွေးကောက်ပွဲအပေါ် အတော်လေး အကောင်မြင်ခဲ့ကြပါတယ်။ ဒါကြောင့် နောက်တဆင့် ထပ်တိုး လုပ်ဆောင်နိုင်အောင် နိုင်ငံတကာက ဝိုင်းဝန်း ပံ့ပိုးပေးကြဖို့ကိုလည်း ဆူရင်း ပစ်ဆူဝမ်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတ BenignoAquino ကလည်း မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုနဲ့ မြန်မာနိုင်ငံသားတွေရဲ့လူနေမှု အဆင့်အတန်း မြင့်မားလာစေရေးအတွက်ရော ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကိုအားပေးတဲ့အနေနဲ့ရော အာဆီယံခေါင်းဆောင်တွေနည်းတူမြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ပိတ်ဆို့ အရေးယူမှုတွေ ပြန်လည် ရုပ်သိမ်းပေးဖို့ တောင်းဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဒီအတိုင်းဆက်လက်ထားရှိမယ်ဆိုရင် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြောင်းလဲလာမယ့်အစား အရင်တုန်းကအခြေအနေဘက်ကို ပြန်လှည့် သွားမှာစိုးရိမ်ရတယ်လို့ ဖိလစ်ပိုင်သမ္မတ အကွီနိုက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်ဒီလိုတောင်းဆိုမှုတွေအခုချိန်မှာ ပြုလုပ်တာဟာ စောလွန်းသေးတယ်လို့ မြန်မာ့အရေး ဆောင်ရွက်နေကြတဲ့ အာဆီယံလွှတ်တော် အမတ်များအဖွဲ့ AIPMC က အကြီးအကဲ အင်ဒိုနီးရှားလွှတ်တော်အမတ် Eva Sundari က ပြောပါတယ်။

“အခုလိုပိတ်ဆို့မှုရုပ်သိမ်းပေးဖို့ တောင်းဆိုလိုက်တဲ့အပေါ်ကျမအနေနဲ့မနှစ်သက်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDပါတီအနိုင်ရလိုက်ပေမယ့် ရွေးကောက်ပွဲမသမာမှုတွေကို ပြန်ပြီးသုံးသပ်သင့်ပါတယ်။ ရွေးကောက်တင်မြောက်ခြင်း မပြုဘဲ လွှတ်တော်အတွင်း စစ်တပ်က ၂၅ ရာခိုင်နှုန်း ခန့်ထားတဲ့ကိစ္စကလည်း လက်တွေ့မကျပါဘူး။ ဒါကြောင့် အမတ်နေရာ ၄၅ နေရာအတွက် ရွေးကောက်ပွဲကျင်းပပေးလိုက်တာဟာ ကျမအတွက်တော့ ဘာမှမထူးခြားပါဘူး။ အဲဒီလိုမရိုးသားတဲ့လုပ်ရပ်တွေ ရှိနေသေးတဲ့အချိန်မှာ ပိတ်ဆို့မှုရုပ်သိမ်းပေးဖို့တောင်းဆိုတာဟာ သဘာ၀ မကျပါဘူး။ ပိတ်ဆို့မှုကို အတိုင်းအတာတခုလျှော့ချပေးဖို့ တောင်းဆိုတယ် ရင်တော့ ကျမတို့ လက်ခံနိုင်ပါတယ်။ လုံး၀ ရုပ်သိမ်းပေးဖို့တောင်းဆိုတမျိုးတော့ မဖြစ်သင့်ပါဘူး။”

နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ ဆက်လက် ဖိအားပေးသင့်တယ်လို့လည်း Eva Sundari က ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ အခုကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ တိုင်းရင်းသားတချို့ ပါဝင်ခွင့်မရခဲ့တာကိုလည်း Eva Sundari က ထောက်ပြပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ ယေဘုယျအားဖြင့်တော့ လွှတ်လပ်ပြီး တရားမျှမှု ရှိတယ်လို့ အီးယူနဲ့ အာဆီယံအဖွဲ့က လေ့လာသူတွေက ပြောထားပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲမတိုင်ခင် မဲစာရင်းပြုစုတဲ့နေရာမှာ မသမာမှုတွေရှိခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေ မဲဆန္ဒရှင်တွေအကြား ရှိခဲ့တယ်ဆိုတာကိုလည်း အနောက်နိုင်ငံတွေက မဲရုံတွေကို သွားရောက်လေ့လာသူ သံတမန်တချို့က ဗွီအိုအေ မြန်မာပိုင်းကို ပြောခဲ့ပါတယ်ခင်ဗျား။

XS
SM
MD
LG