သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရနဲ့ KNU ဖားအံမှာဆွေးနွေး


KNU နဲ့ မြန်မာအစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ ဖားအံမြို့မှာ တွေ့ဆုံဆွေးနွေးစဉ်။ (ဧပြီလ ၄ ရက်၊ ၂၀၁၂။)
KNU နဲ့ မြန်မာအစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ ဖားအံမြို့မှာ တွေ့ဆုံဆွေးနွေးစဉ်။ (ဧပြီလ ၄ ရက်၊ ၂၀၁၂။)

ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ မြန်မာအစိုးရတိုရဲ့ငြိမ်းချမ်းရေးအဖွဲတို့ကြား သဘောတူညီထားတဲ့ အပစ်ရပ်ရေး ပိုမိုခိုင်မာမှုရှိအောင် နှစ်ဘက်အဖွဲ့က တာဝန်ရှိသူတွေ ဒီကနေ့ ဖားအံမြို့မှာတွေ့ဆုံပြီး ဆွေးနွေးခဲ့ကြပါတယ်။ တပ်ခစန်းချထားရေးနဲ့ နှစ်ဘက်တပ်ဖွဲ့တွေ လိုက်နာရမယ့်စည်းကမ်းချက်တွေအပေါ် အဓိကဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုအဆင့် သဘောတူညီချက်တွေရဖို့ထိ ညှိနှိုင်းဆွေးနွေးသွားမယ် လို့လည်း တာဝန်ရှိသူတွေကပြောပါတယ်။ ဒီသတင်း အပြည့်အစုံကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။

ကရင် KNU အဖွဲ့နဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးအဖွဲ့တို့ကြား ဒီကနေ့ ဖားအံမြို့မှာ အဓိက ဆွေးနွေးကြတာကတော့ ပြည်နယ်ပဏာမ သဘောတူညီချက်ထဲမှာ အဓိကအချက်ဖြစ်တဲ့ အပစ်ရပ်ရေးထဲက နှစ်ဘက်လိုက်နာရမယ့် အချက်တွေ ကို အသေးစိတ် ထပ်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဒါဟာ KNU အဖွဲနဲ့ အစိုးရအဖွဲတို့ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှု လည်း ဖြစ်ပါတယ်။ အထုူးသဖြင့်ကတော့ တပ်စခန်းတွေနေရာချထားရေး တွေ တခါ တပ်တွေရော ဒေသခံလူထုတွေ ကပါ ဒီအပစ်ရပ်သဘောတူညီချက်ထဲကအတိုင်း လိုက်နာဆောင်ရွက်ရမယ့် ကိစ္စတွေ ဆွေနွေးကြတယ်လို့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ကို ဦးဆောင်လာသူထဲကတဦးဖြစ်တဲ့ လူမှုကြိကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီး ဦးခင်ရီက VOA မြန်မာပိုင်းကို ပြောပါတယ်။

“ပထမပြည်နယ်အဆင့်မှာ အပစ်အခတ်ရပ်စဲရေးအတွက် အရင်ဆွေးနွေးခဲ့တာ ရှိတယ်ခင်ဗျ။ အဲဒါကို ထပ်ပြီးတော့ ပိုမိုခိုင်မာအောင်ဆိုပြီးတော့ cease fire ကာလအတွင်း နှစ်ဘက်လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ စည်းကမ်းတွေ- အဲဒါတွေကို ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ဘက် ဒီဘက်က ဘာလိုက်နာရမယ်၊ ဟိုဘက်က ဘာလိုက်နာရမယ်ဆိုတာ အပြန်ပြန်အလှန်လှန် ဆွေးနွေး ခဲ့ကြပြီးတော့ ဒါကို ဆက်ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်ခင်ဗျ”

အခု KNU နဲ့ ဆွေးနွေးညှိနှိုင်းတဲ့အထဲမှာ အစိုးရဘက်ကလိုက်လျောဖို့ ခက်ခဲနေတဲ့ အချက်အလက်တွေများ ရှိနေလားလို့လည်း မေးကြည့်ပါတယ်။

"ကျနော်ထင်တယ်။ မရှိနိုင်ဘူးထင်တယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဘက်လုံးကတအားဖြစ်ချင်တယ်လေ။ နှစ်ဘက်လုံးက ငြိမ်းချမ်းရေးလိုလားတဲ့သူတွေပဲဖြစ်နေတော့ ဖြစ်ချင်တဲ့ဆန္ဒရှိနေတဲ့အခါကျတော့ သိပ်အခက်အခဲ မရှိနိုင်ပါဘူး။ လိုတိုး ပိုလျှော့ နှစ်ဘက်ညှိတဲ့အချိန်လေးပဲ ကြာချင်ကြာနိုင်မှာပါ။ ကျနော်ထင်ပါတယ်။ အခက်အခဲ မရှိနိုင်ပါဘူးခင်ဗျ။"

ဧပြီလ ၄ ရက်နေ့ ဖားအံမှာ အခုတွေ့ပြီး KNU အဖွဲ့တွေ ရန်ကုန်ကိုသွားကာ ဧပြီလ ၁၁ ရက်နေ့ အထိ ပြည်ထောင်စုအဆင့် သဘောတူညီချက်တွေရဖို့ ဆက်ဆွေးနွေးကြမှာလည်းဖြစ်ပါတယ်။

“အဲဒါက ဒီမှာမပြတ်တဲ့ကိစ္စတွေနဲ့ ဟိုမှာက သူတို့ဘက်က တင်ပြချက်တွေအပေါ်မှာ မူတည်ပြီးတော့မှ ကျနော်တို့က ဆွေးနွေးမှာပါ။ သူတို့က တင်ပြလာမှာပါ။ ဟိုကျမှပဲ ကျနော်တို့က အသေးစိတ်သိရမယ်ခင်ဗျ။ အားလုံးက ငြိမ်းချမ်းရေးလိုချင်တယ်၊ ပြည်သူတွေကလည်း ငြိမ်းချမ်းရေးလိုချင်တယ်၊ နှစ်ဘက်ညှိတဲ့ပုဂ္ဂိုလ်တွေကလည်း ငြိမ်းချမ်းရေးလိုချင်တယ်၊ အကြီးအကဲတွေကလည်း ဒါတွေ ဖြစ်မြောက်အောင်ဆောင်ရွက်ခိုင်းတယ်ဆိုတော့ အခက်အခဲတော့မရှိဘူးခင်ဗျ။ တချို့နေရာတွေမှာ နှစ်ဘက်ညှိရတဲ့ အချိန်ယူရတဲ့ အပိုင်းတွေတော့ ရှိမှာပါ။ နောက်ဆုံးတော့ ထာဝရငြိမ်းချမ်းရေး ကျုပ်တို့တိုင်းပြည်မှာ ကျိန်းသေရသွားမယ့်သဘောဖြစ်ပါတယ်။”

ဒါကတော့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ထဲက လူမှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ဝန်ကြီး ဦးခင်ရီက က KNU နဲ့ဆွေးနွေးနေတဲ့ အခြေအနေတွေကိုပြောပြခဲ့တာပါရှင်။ ကရင်ပြည်နယ် အတွင်း ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်နေခဲ့တဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ရာမှာ အရင်က ရှိခဲ့ဖူးတဲ့ အပစ်ရပ်သဘောတူညီချက် ပျက်ခဲ့တာမျိုး တွေ ထပ်မဖြစ်ရအောင် အထူးသဖြင့်ကတော့ အာမခံချက်ရှိတဲ့ သဘောတူညီချက်တွေဖြစ်ဖို့ လိုတယ်လို့ KNU အဖွဲ့က တာဝန်ရှိသူတဦး လည်းဖြစ်၊ သတင်းနဲ့ပြည်သူ့ဆက်ဆံရေး တာဝန်ခံ နော်မေဦးကလည်း ပြောပါတယ်။ ပြည်နယ်အဆင့် ပမာဏတွေထဲ အခုလို ခိုင်မာတဲ့ အပစ်ရပ်သဘောတူညီချက်တွေပြီးပြီဆိုရင် ပြည်ထောင်စုအဆင့်ဆွေးနွေးချက်တွေထဲ နိုင်ငံရေးအချက်တွေ ဆက်ဆွေးနွေးမယ်လို့လည်း ဆိုပါတယ်။

“စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်တဲ့ဘက်ကို ဦးတည်သွားနိုင်ဖို့ဆိုတာကို လိုအပ်တဲ့အပေါ်မှာ ကျမတို့ စောင့်ကြပ်ကြည့်ရှုသွားမယ့် monitoring မော်နီတာရင်းအဖွဲ့ဆိုတာကို ဆွေးနွေးခြင်းဖြစ်ပါတယ်။ ပထမသဘောတူညီချက်ရေးထိုးခဲ့တုန်းက အဲဒီ အချက်တွေ-အချက်တစ်ချက်ပေ့ါနော်၊ သဘောတူညီချက် ရေးထိုးခဲ့တဲ့အထဲမှာ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးပေါ့။ အဲဒီဟာတွေက ပြည်ထောင်စုအဆင့်မှာ ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ တကယ့် စစ်မှန်တဲ့၊ အနှဝ်သာရရှိတဲ့အပစ်အခတ်ရပ်စဲရေး တစ်ခုဖြစ်ဖို့အတွက်ကို ကျမတို့ အခု လောလောဆယ်မှာ ဆွေးနွေးနေတုန်းပဲဖြစ်ပါတယ်။ ”

ရန်ကုန်မှာ KNU အဖွ့ဲဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးပါတီတချို့ကို လည်း တွေ့ဆုံဖို့စီစဉ်ထားသလို ပဲခူးတိုင်းက ကျောက်ကြီးမြို့နဲ့ တနင်္သာရီတိုင်း၊ ထားဝယ်ကို သွားမယ် လို့လည်း ပြောပါတယ်။

"NLD နဲ့တော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားလူမှုရေးအဖွဲ့အစည်းတွေ၊ တခြားနိုင်ငံရေးပါတီတွေနဲ့ တတ်နိုင်သမျှပေါ့ တွေ့ဖို့ရှိပါတယ်။ မငြိမ်းချမ်းတဲ့အတွက်ကြောင့် တကယ်တန်း မြေစာပင်ဖြစ်နေတဲ့ ပြည်သူတွေရဲ့ အခန်းကဏ္ဍ တကယ်ပဲ အရေးကြီးတာကို ကျမတို့က လက်ခံထားတဲ့အတွက်ကြောင့် စစ်မက်ဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ ကျမတို့ လူထုတွေရဲ့ အခြေအနေတွေကို သွားပြီးလေ့လာဖို့ပဲ ဖြစ်ပါတယ်။"

KNU အဖွဲ့က တာဝန်ရှိသူ နော်မေဦးပြောပြခဲ့တာပါရှင်။ ဧပြီလ ၄ရက် ဗုဒ္ဓဟူးနေ့က ဖားအံမှာလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲကို အရပ်ဘက်လေ့လာစောင့်ကြည်ရေးသုံးဦးလည်း တက်ရောက်နားထောင်ခဲ့ပါတယ်။ မြန်မာအစိုးရဘက်ကတော့ ရထားဝန်ကြီးဦးအောင်မင်းနဲ့ လူမှုကြိကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန ဝန်ကြီး ဦးခင်ရီတို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေပါသလို ကရင် KNU ဘက်ကတော့ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်က ကိုယ်စားလှယ် အဖွဲ့ဝင် ၂၀ တက်ရောက်လာခဲ့ကြပါတယ်။

XS
SM
MD
LG