သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ဒဏ်ခတ်မှု လျှော့ချရေးညှိနှိုင်းဖို့ McCain တိုက်တွန်း


အမေရိကန်အထက်လွှတ်တော်အမတ် John McCain က မြန်မာနိုင်ငံရဲ့ ကြားဖြတ် ရွေးကောက်ပွဲဟာ ဒီမိုကရေစီရေး ဖြစ်ထွန်းမှုတွေကို ရှေ့ရှုတဲ့ ခရီးလမ်းအတွက် ထူးကဲတဲ့ ခြေလှမ်းတရပ် ဖြစ်ပါတယ် လို့ ပြောဆိုလိုက်ပါတယ်။

မြန်မာလူထုက သူတို့စိတ်ကြိုက် အောင်အောင်မြင်မြင် ရွေးချယ်ခဲ့ကြတဲ့အတွက် ချီးကျူးဂုဏ်ပြု ပါကြောင်း၊ နေပြည်တော်က အစိုးရအနေနဲ့လည်း ရွေးကောက်ပွဲကို ကျင်းပပေးခဲ့တဲ့ အတွက်ရော၊ အများအားဖြင့် လွှတ်လပ်ပြီး မျှတပုံရတဲ့ ရွေးကောက်ပွဲကို အမေရိကန်အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ ကို လေ့လာခွင့်ပြုခဲ့တဲ့ အတွက်ပါ အသိအမှတ်ပြုပါကြောင်း ဂျွန်မက်ကိန်းရဲ့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။

ဒီရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အထူးတလည် ချီးကျူး ပါကြောင်း၊ နောက်ဆုံး မှာ မြန်မာပြည်သူတွေ အတွက် ရွေးကောက်ခံ ခေါင်းဆောင် တယောက်အနေနဲ့ လူမှန် နေရာမှန် ဆောင် ကျဉ်းပေးခဲ့တဲ့ မြန်မာနိုင်ငံအတွက် သမိုင်းတွင်မယ့် အခိုက်အတန့် ဖြစ်ပါတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

ဒီရွေးကောက်ပွဲဟာ မြန်မာနဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာနဲ့ ဆက်ဆံရေးအတွက် အရေးကြီးတဲ့ မှတ်တိုင်တခု ဖြစ်သင့်တယ်၊ ဒါ့ကြောင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ လျှော့ပေါ့ပေးရေး အတွက် နိုင်ငံတကာ မိတ်ဖက်တွေနဲ့အတူ စတင် ဆောင်ရွက်သင့်တဲ့အကြောင်း၊ အမေရိကန် ကွန်ဂရက် လွှတ်တော် အနေနဲ့လည်း ဒီလုပ်ငန်းစဉ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ပြီး တဖြည်းဖြည်းနဲ့ တဆင့် ချင်း တိုးပြီး ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေရဲ့ဘ၀ တိုးတက်ရေးနဲ့ မြန်မာအစိုးရနဲ့ လွှတ်တော်အနေနဲ့ ဒီမိုကရေစီနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ခိုင်မာရေးအတွက် သူ့အနေနဲ့ လွှတ်တော်အတွင်း လုပ်ဖော် ကိုင်ဖက် တွေနဲ့ အတူ အစိုးရပိုင်းတာဝန်ရှိသူတွေနဲ့ပါ ဆက်သွယ် ညှိနှိုင်းသွားဖို့ ရှေ့ရှုနေတဲ့အကြောင်း စသဖြင့် ဖော်ပြထား ပါတယ်။

မြန်မာနိုင်ငံက လွှတ်တော် ကိုယ်စားလှယ် အဖွဲ့တွေကိုလည်း အမေရိကန် ပြည်ထောင်စုကို မဝေးတော့တဲ့ အနာဂတ် ကာလမှာ အလည် လာရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG