မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney ဟာ Republican သမ္မတလောင်း အဖြစ်အရွေးခံရဖို့ သေချာသလောက်ရှိနေပြီး သမ္မတအိုဘားမားကို စိန်ခေါ်နိုင်ဖို့ စိုင်းပြင်းနေပါပြီ။
ဝါရှင်တန်မြို့တော်၊ အရှေ့ပိုင်းက မေရီလင်းပြည်နယ်နဲ့ အနောက်အလယ်ပိုင်းက Wisconsin ပြည်နယ်မှာ မနေ့က အင်္ဂါနေ့မှာကျင်းပခဲ့တဲ့ Republican သမ္မတလောင်း ပဏာမရွေးကောက်ပွဲမှာ Mitt Romney က အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။
Wisconsin ပြည်နယ်က ထောက်ခံသူတွေကို Mitt Romney က အောင်ပွဲခံမိန့်ခွန်းပြောကြားခဲ့ရာမှာ သူ့ရဲ့ မဲဆွယ် စည်းရုံးရေး မဟာအောင်မြင်မှုကနေ အမေရိကန်ပြည်သူတွေအတွက် ပေးထားတဲ့ ကတိတွေကို ပြန်လည်ထိန်းသိမ်းနိုင်တော့မယ်လို့ ဆိုပါတယ်။
ဝါရှင်တန်မြို့တော်နဲ့ မေရီလင်းက ပဏာမရွေးကောက်ပွဲမှာ Mitt Romney က သူ့ရဲ့ ပြိုင်ဘက် Rick Santorum ကို အပြတ်အသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ Wiscosin ပြည်နယ်မှာတော့ Rick Santorum က အကြီးအကျယ် မဲဆွယ်ထား တာကြောင့် မဲအရေအတွက် သိပ်မကွာပေမဲ့ Mitt Romney အနိုင်ရခဲ့ပါတယ်။
သမ္မတအိုဘာမားကို ထောက်ခံသူတွေကလည်း မဲဆွယ်စည်းရေး စတင်နေပြီး Republican တွေရဲ့ ဘတ်ဂျက် အစီအစဉ်ဟာ တယူသန်အစွန်းရောက်လွန်းတယ်လို့ သမ္မတအိုဘားမားက ဝေဖန်လိုက်ပါတယ်။