သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး လမ်းကြောင်းသစ်ဖွင့်ဖို့ EU စိတ်ထက်သန်


မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲအောင်မြင်မှုအတွက် EU ဥရောပ သမဂ္ဂက မြန်မာပြည်သူတွေနဲ့တကွ သမ္မတကို ချီးကျူးဂုဏ်ပြုလိုက်သလို မြန်မာနိုင်ငံနဲ့ဆက်ဆံရေး လမ်းကြောင်းသစ်ဖွင့်ဖို့ပါ စိတ်အားထက်သန်နေတယ်လို့ ပြောကြားလိုက်ပါ တယ်။ ဒါ့အပြင် ဥရောပကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်၊ ဥရောပသမဂ္ဂရဲ့နိုင်ငံခြားရေးရာ အကြီးအကဲလည်းဖြစ်တဲ့ Catherine Ashton ကက်သရင်းအက်ရှ်တန်ဟာ ဧပြီလကုန်မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့လည်း ရှိနေပါတယ်။

အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာကြားဖြတ်ရွေးကောက်ပွဲ အေးအေးချမ်းချမ်းကျင်းပခဲ့တဲ့အတွက် EU ဥရောပသမဂ္ဂက ချီးကျူး ဂုဏ်ပြုကြောင်း ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးရာ အကြီးအကဲလည်းဖြစ် ဥရောပကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌ လည်းဖြစ်တဲ့ Catherine Ashton ရဲ့ပြောခွင့်ရပုဂ္ဂိုလ် မစ္စ်မာဂျာကိုစီ ဂျန်စစ် Maja Kocijancic က VOA ကိုပြောပါတယ်။

“ဥရောပကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌ Catherine Ashton က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာမို့ မြန်မာနိုင်ငံသား တွေကို ဂုဏ်ပြုလိုက်ပါတယ်။ ဒီလို ရွေးကောက်ပွဲကျင်းပပေးခဲ့တဲ့ သမ္မတနဲ့အစိုးရအဖွဲ့ကိုလည်း ချီးကျူးလိုက်ပါတယ်။ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းနေမှုတွေအတွက် ဆက်လက် ပံ့ပိုးပေးနေမှာဖြစ်သလို မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆက်ဆံရေး လမ်းကြောင်းသစ်ဖွင့်ဖို့ပါ စိတ်အားထက်သန်ေ နတယ်လို့လည်း ပြောပါတယ်”

မြန်မာနိုင်ငံက ဧပြီတရက် ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတာတွေ့ရသလို ဒီရွေးကောက်ပွဲအတွက် သွားရောက်လေ့လာခွင့်ရခဲ့ပေမယ့် နိုင်ငံတကာစံနှုံးနဲ့အညီ စံနစ်တကျလေ့လာခွင့် မရခဲ့ဘူးလို့ ဆိုပါ တယ်။ ဒါပေမယ့် ရွေးကောက်ပွဲဟာ အရင်ရွေးကောက်ပွဲတွေနဲ့ မတူသလို မြန်မာနိုင်ငံရဲ့ မကြာခင်လတွေ အတွင်း နိုင်ငံရေးအကျဉ်းသားအများအပြားလွှတ်ပေးတာ၊ တိုက်ပွဲဖြစ်နေတဲ့တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာလို အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေကြောင့် EU အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကောင်းတဲ့တုံ့ပြန်မှုတွေလုပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

“EU နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ မြန်မာနိုင်ငံအတွက် ဆုပေးဖို့ထက် ဘယ်လိုကူညီနိုင်မယ်ဆိုတာကို အဓိကထား ပြောနေကြပါတယ်။ မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေတွေ့နေရတာမို့ ဖွံ့ဖြိုးရေးဆိုင်ရာအကူအညီတွေ ကုန်သွယ်ရေးလုပ်ငန်း လုပ်ဆောင်ဖို့ တွေအပြင် အခုလက်ရှိ တားမြစ် ပိတ်ပင်ထားတာတွေထဲက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်စေဖို့ အဓိကလိုအပ်မယ့်ကိစ္စတွေမှာ ပြန်စဉ်းစားဖို့ ဧပြီ လ ၂၃ ရက်နေ့မှာ ကျင်းပမယ့် EU နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ထိပ်သီး အစည်းအဝေးမှာ ဆုံးဖြတ်ကြဖို့ ရှိပါတယ်”

မြန်မာနိုင်ငံအပေါ် EU က ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေထဲက ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားမှု တချို့ကို ပြန်လည် ရုပ်သိမ်းပေးတာ လိုမျိုး လျှော့ချပေးမှုတွေကို မကြာသေးခင်ကပဲ EU ကလုပ်ဆောင်ခဲ့ တာမို့ ဘယ်လိုတားမြစ်မှုမျိုးတွေကို ထပ်ပြီး ရုပ်သိမ်းပေးဖို့ ရှိပါလဲ။

“မြန်မာနိုင်ငံအတွက် တားမြစ်ပိတ်ပင်ထားမှု လုပ်ထားတာ တော်တော်ကျယ်ပြန့်ပါတယ်။ လက်နက်ရောင်းဝယ်မှုတားမြစ် ပိတ်ပင်ထားတာက အစ သတ္ထုတူးဖော်ရေးနဲ့ သစ်တောထုတ်လုပ်ရေး ကဏ္ဍတွေအပြင် ဖွံ့ဖြိုးမှုအကူအညီတချို့မှာပါ တားမြစ်ထားတာပါ။ နောက် လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ဒီမိုကရေစီထွန်းကားရေးနဲ့ပတ်သက်ပြီး အနှောက်အယှက်ဖြစ်စေသူ အတော်များများအတွက်ပါ ပိတ်ပင်မှုတွေ ချထားတာပါ။ ဒီတားမြစ်ထားမှုတွေအတွက် စဉ်းစားမှာဖြစ်တဲ့အပြင် မြန်မာနိုင်ငံကို EU ရဲ့ ကုန်သွယ်ဘက်နိုင်ငံအဖြစ် ထားဖို့သင့်မသင့်ပါ EU နိုင်ငံခြားရေး ဝန်ကြီးတွေ သုံးသပ်ဖို့ရှိပါတယ်။ မြန်မာနိုင်ငံ အတွက် ဒဏ်ခတ်အရေးယူမှုအားလုံးကို လျှော့ချပေးမလား၊ တချို့တဝက် ဖြေလျှော့ပေးမလားဆိုတာ ဆွေးနွေးကြမှာပါ”

ဥရောပသမဂ္ဂက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီး ဧပြီလကုန်ရက်ပိုင်းမှာ ဥရောပ သမဂ္ဂရဲ့အကြီးအကဲ တဦးဖြစ်တဲ့ Catherine Aston ဟာ မြန်မာနိုင်ငံကိုသွားရောက်ဖို့ စီစဉ်ထားတယ်လို့လည်းပြောပါတယ်

“ဥရောပကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌ Catherine Ashton ဟာ ဧပြီလကုန်မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိပါတယ်။ EU နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဧပြီလ ၂၃ရက် အစည်းအဝေးအပြီးမှာသွားမှာ ဖြစ်ပါတယ်။”

ဥရောပသမဂ္ဂက ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာပဲ မြန်မာနိုင်ငံ စီးပွါးရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတရပ်ကိုကျင်းပပေးခဲ့ပြီး ဥရောပသမဂ္ဂရဲ့ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဒေးဗစ် လစ်ပ်မန် ကိုယ်တိုင်သွားရောက်ခဲ့ပါတယ်။

XS
SM
MD
LG