သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားပြဿနာ ပိုဆိုးလာနေ


ကြာသာပတေးနေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တညီတညွတ်တည်းပဲ ဆီးရီးယားအစိုးရကို အရပ်သားတွေနေထိုင်ရာဒေသတွေကနေ အစိုးရတပ်ဖွဲ့တွေ စတင်ဆုတ်ပေးရေး တောင်းဆိုလိုက်တဲ့ သဘာပတိအဖွဲ့ကြေညာချက်တရပ်ကို ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေညာချက်ကို အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးဖြစ်တဲ့ မစ္စ် ဆူဆဲန်ရိုက်စ်က ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှာ ဖတ်ကြားခဲ့ပါတယ်။

လာမယ့် ဧပြီ(၁၂)ရက်နေ့က စပြီး အပစ်အခတ်ရပ်စဲမှု စတင်သက်ရောက်မှာ ဖြစ်ပေမယ့်လည်း အစိုးရက အတိုက်အခံတွေကို အကြမ်းဘက်နှိမ်နင်းနေမှု တွေ အဆုံးသတ်ရေးကတော့ နှေးကွေးနေဆဲ့ ဖြစ်တယ်လို့ ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂနဲ့အာရပ်အဖွဲ့ချုပ်တို့ရဲ့ အထူးသံတမန် အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန်က ဧပြီလငါးရက်နေ့က ဝန်ခံပြောကြားခဲ့ပါတယ်။ ဧပြီ (၁၂) ရက်နေ့မတိုင်မီ အရပ်သားလူနေ ထူတပ်တဲ့နေရာတွေကနေ အစိုးရတပ်တွေ ရုပ်သိမ်းဖို့ကို ဆီးရီးယားအစိုးရက အာမခံထားပေမယ့်လည်း အစိုးရတပ်တွေက အရပ်သားတွေနေထိုင်ရာနေရာတွေကို တိုက်ခိုက်နေမှုတွေ လျော့သွားခြင်း မရှိဘဲ ဆီးရီးယားပဋိပက္ခဟာ ပိုမိုနက်ရှိုင်းလာနေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ကြသာပတေးနေ့က အထွေထွေညီလာခံမှာ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ဆီးရီးယားပြည်သူတွေဟာ အစိုးရရဲ့ ကြောက်စရာကောင်းလှတဲ့ အနိုင်ကျင့်ခံ သားကောင်တွေ ဖြစ်နေကြရပြီး မြို့တွေရွာတွေဟာလည်း စစ်မြေပြင်တွေ ဖြစ်လာခဲ့ရပြီလို့ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းက ပြောကြားသွားခဲ့ပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံကို ဗီဒီယိုနဲ့ သတင်းပို့ခဲ့တဲ့ ကိုဖီအာနန်ကလည်း သူကမ်းလှမ်းခဲ့ပြီး ဆီးရီးယားအစိုးရက လက်ခံခဲ့တဲ့ အချက် (၆) ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို လိုက်နာကျင့်သုံးဖို့ တိုက်တွန်းခဲ့ပါတယ်။

အတွင်းရေးမှူးချုပ်ဘန်ကီမွန်းက ဆီးရီးယားမှာ အကြမ်းဘက်မှုကြောင့် သေဆုံးရသူတွေ တနေ့တခြား များပြား လာနေပြီး တော့ အစိုးရတပ်တွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဘက်မှုအပါအဝင် လူ့အခွင့်အရေး ချိုးဖေါက်နေမှုတွေကြောင့် ထောင်ပေါင်းများစွာသောလူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြ ရပြီး ဘေးကင်းလုံခြုံရာနဲ့ ကာကွယ်စောင့်ရှောက်မှုကို ရှာဖွေနေကြရတယ်၊ သမ္မတဘာရှာအယ်လ်အာဆဒ် အနေနဲ့ ခေါင်းဆောင်မှုနဲ့ အမြင်ကျယ်မှုကို ပြသပြီး ဧပြီ (၁၂) ရက်နေ့မှာ ပေးထားတဲ့ကတိအတိုင်း အရပ်သားတွေအပေါ် အကြမ်းဘက်တိုက်ခိုက်မှုတွေကို အဆုံးသတ်ပါလို့လည်း ပြောကြားသွားခဲ့ပါတယ်။

XS
SM
MD
LG