သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲမကျေနပ်မှု ပြည်ခိုင်ဖြိုးသတင်းစာရှင်း


ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက် မဲဆွယ်ခဲ့တာတွေအတွက် မဲဆန္ဒရှင်တွေက သက်ဆိုင်ရာ ကော်မရှင်ရုံးတွေကို တိုင်ကြားတယ်လို့ ရန်ကုန်တိုင်း၊ ပြည်ခိုင်ဖြိုးပါတီရဲ့ နိုင်ငံရေးတာဝန်ခံ ဦးအောင်သိန်းလင်းက ပြောပါတယ်။

ဒီကန့်ကွက်လွှာတွေကို ပြည်ထောင်စု၊ ရွေးကောက်ပွဲကော်မရှင်အထိ တိုင်ကြားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။ ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီရဲ့ နိုင်ငံရေးတာဝန်ခံ ဦးအောင်သိန်းလင်းကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီကနေ့ ဧပြီလ ၆ ရက်သောကြာနေ့က ရန်ကုန်မှာရှိတဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးမှာ ရန်ကုန်တိုင်း၊ ပြည်ခိုင်ဖြိုးပါတီရဲ့ နိုင်ငံရေးတာဝန်ခံ ဦးအောင်သိန်းလင်းက သတင်းထောက်တွေကိုခေါ်ယူပြီး သတင်းစာ ရှင်းလင်းပွဲတစ်ခု လုပ်ခဲ့တာပါ။ အဲဒီမှာ သူအဓိက ရှင်းပြခဲ့တာတွေ နဲ့ ပတ်သက်လို့ ဦးအောင်သိန်းလင်းက VOA မြန်မာပိုင်းကို အခုလို စပြောပြပါတယ်။

“ရွေးကောက်ပွဲကော်မရှင် စည်းမျဉ်းတွေပေါ့ဗျာ။ ကော်မရှင်စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီးတော့မှ ကန့်ကွက်လွှာတွေ ကျနော်တို့ ရတာ ဖြစ်ပါတယ်။ စည်းမျဉ်းအရ မဲရုံကိုယ်စားလှယ်ကသော်လည်းကောင်း၊ မဲဆန္ဒရှင်ကသော်လည်းကောင်း၊ ကော်မရှင်စည်းမျဉ်းနဲ့ ညိတဲ့ ဟာတွေကို ကန့်ကွက်လွှာတင်လို့ရပါတယ်။ အဲဒီကန့်ကွက်လွှာတွေကို သူတို့က ရပ်ကွက်ကော်မရှင်တွေကို တင်ပါတယ်။ ကျနော်တို့ကို မိတ္တူပေးပါတယ်။ ကျနော်တို့က အဲဒီရတဲ့ ကန့်ကွက်လွှာတွေနဲ့ပတ်သက်ပြီးတော့မှ ရှင်းပြတာဖြစ်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုတော့ သူတို့ အဆင့်ဆင့် ဆက်ပို့ကြမှာပါ။ ရပ်ကွက်ကနေ မြို့နယ်၊ မြို့နယ်ကနေပြီး ခရိုင်၊ တိုင်းပေါ့လေ- အဲဒီကနေ ပြည်ထောင်စု ကော်မရှင်ကို ဆက်ပို့ကြမှာပါ။ ”

ဟုတ်ကဲ့။ အခု စည်းကမ်းဖောက်ဖျက်မဲဆွယ်တယ်ဆိုတဲ့ ကန့်ကွက်တာတွေကို မဲဆန္ဒရှင်တွေက ကန့်ကွက်တယ်ဆိုတော့ ကြံ့ခိုင်ဖွံဖြိုးရေး ပါတီကနေပြီး ကန့်ကွက်ပြီးတော့တိုင်တာ မဟုတ်ဘူးပေါ့။

“မဲဆန္ဒရှင် ပြည်သူလူထုက ကန့်ကွက်တာ ဖြစ်ပါတယ်။ အဲဒီလူတွေကလည်း ပါတီဝင် ဖြစ်ချင် ဖြစ်မှာပေါ့ဗျာ။ ပြည်ခိုင်ဖြိုးပါတီနဲ့ ပတ်သက်လို့သော်လည်းကောင်း၊ ရိုးရိုးမဲဆန္ဒရှင် ပြည်သူလူထုအနေနဲ့သော်လည်းကောင်း ကန့်ကွက်လို့ရပါတယ်။ ကျနော်တို့က ကန့်ကွက်လွှာတွေကို မိတ္တူကူးထားတာ ဖြစ်ပါတယ်။”

အခု ကန့်ကွက်လွှာတွေ ရတယ်ဆိုတော့ တိုင်တဲ့သူတွေက -ဘယ်သူတွေက ဘယ်ပါတီတွေကို တိုင်တာပါလဲ။ NLD ပါတီကိုရော တိုင်တာတွေ ပါပါလား။

“ကျနော်တို့ ဘယ်သူရယ်၊ ဘယ်ဝါရယ် တိုင်တာ မဟုတ်ပါဘူး။ မဲရုံကိုက် ၅၀၀ အတွင်းမှာ လူစုလူဝေးတွေ မရှိရဘူးဆိုရင် အဲဒီ လူစုလူဝေးရှိတဲ့ဟာ ဒါ စည်းကမ်းချိုးဖောက်တာ ဖြစ်တယ်။ အဲဒီ လူစုလူဝေးတွေဟာ ဘယ်သူရယ်၊ ဘယ်ဝါရယ် ကျနော်တို့ မပြောဘူး။ သို့သော် အဲဒီ ကိုက် ၅၀၀ အတွင်းမှာတော့ လူတွေ - ဖောက်ဖျက်တယ်ဆိုတာကိုတော့ ကျနော်တို့ ပြုစုတာဖြစ်တယ်။ ကျနော်တို့က ပုဂ္ဂလဓိဌာန်မရှိဘူး။ စည်းမျဉ်းဥပဒေကိုပြောပြတာ။ တိတိကျကျ ဖြစ်စေချင်တဲ့ ဆန္ဒပဲ ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့က ပြည်ထောင်စုကော်မရှင်မှာ အဲဒါတွေ ရောက်မရောက် လေ့လာစုံစမ်းပြီးတော့မှ မရောက်ရင်လည်း ကျနော်တို့ ပေးပို့ရမှာပေါ့ဗျာ။ အဓိက ကတော့ စည်းနဲ့ ကမ်းနဲ့ ဖြစ်စေချင်တာပါပဲ။”

ကျမ ဒီညနေအစောပိုင်းကပဲ သက်ဆိုင်ရာကော်မရှင်ရုံးတချို့ကို မေးကြည့်ပါတယ်။ သူတို့ကတော့ ဘာတိုင်စာမှမရောက်သေးဘူး ပြောပါတယ်။

“အဲဒါကတော့ သူတို့အချင်းချင်း ဆက်စပ်မှုအပေါ် မူတည်တာပေါ့ဗျာ။ ကျနော်တို့ဆီကို ရောက်လာတဲ့အတွက် ကျနော်တို့ကတော့ သိရတာပေါ့။”

ဦးအောင်သိန်းလင်းတို့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ရော မဲရလဒ်တွေနဲ့ ပတ်သက်လို့၊ ဒါမှ မဟုတ်ရင် မဲရုံလုပ်ငန်းတွေနဲ့ ပတ်သက်လို့ တရားမျှတမှု မရှိဘူးဆိုပြီး ကန့်ကွက်ဖို့တွေရောရှိပါလား။

“ကျနော်တို့ကတော့ လောလောဆယ် အခုအချိန်အထိတော့ မတွေ့သေးဘူးဗျ။ မတွေ့သေးဘူးဆိုတာက ဒီလိုပါ။ မဲရေတဲ့ ကိစ္စတွေကတော့ မိတ္တူရတဲ့အထဲမှာ မပါဘူးဗျ။ မဲရုံနဲ့ကိုက် ၅၀၀ အတွင်း အပြင်ဘက်မှာ လူစုလူဝေးလုပ်တာတို့၊ မဲရေတဲ့အခါမှာ အပြင်က ဝိုင်းပြီးတော့ လူစုလူဝေးနဲ့ ဖိအားပေးတာတို့၊ အဲဒါမျိုးလေးတွေတော့ ရှိတယ်။ အဲဒါတွေတော့ အဲဒီအထဲမှာ ပါတယ်။ ကျနော်တို့ကတော့ နောင်လည်း ဒီလိုပဲ ရွေးကောက်ပွဲတွေ လုပ်နေရအုံးမှာဆိုတော့ ဒါမျိုးတွေကို စည်းကမ်းအတိုင်း တိတိကျကျ ဖြစ်စေချင်တယ်။”

ဟုတ်ကဲ့။ ဦးအောင်သိန်းလင်းအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ရော ဘယ်လိုသုံးသပ်ပါ လဲရှင့်။

“အောက်ခြေအဆင့်ဆင့်အထိ သုံးသပ်ချက်တွေ ပြန်ပြီးတော့ သုံးသပ်ထားပါတယ်။ သူတို့ဆီက သုံးသပ်ချက် တွေနဲ့ ကျနော်တို့ဆီက သုံးသပ်ချက်တွေပေါင်းပြီးတော့မှ ပြန်ပြီးတော့ အားလုံး ဝိုင်းဝန်းဆွေးနွေးရမှာ ဖြစ်ပါတယ်။ အားနည်းချက်၊ အားသာချက်တွေကို ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ ”

ရွေးကောက်ပွဲ အကြိုကာလတွေမှာ ကြံ့ခိုင်ရေးပါတီက ဥပဒေချိုးဖောက်ပြီး မဲဆွယ်မှုတွေ ရှိတယ်လို့ ပြောကြတာတွေလည်းရှိပါတယ်။ ဒီအပေါ်မှာ ဦးအောင်သိန်းလင်း ဘယ်လိုပြောချင်ပါလဲရှင့်။

“အဲဒါကတော့ ကျနော်တို့ မကြားမိဘူးလေ။ မဲဆွယ်စည်းရုံးကာလ စည်းမျဉ်းတွေရှိပါတယ်။ အဲဒီစည်းမျဉ်းတွေ အတိုင်း လိုက်နာကြဖို့ပဲ ဖြစ်တယ်။ ”

ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီရဲ့ နိုင်ငံရေးတာဝန်ခံ ဦးအောင်သိန်းလင်းကို ဆက်သွယ်မေးမြန်းခဲ့တာပါ၊ လတ်တလောမှာတော့ ရန်ကုန်တိုင်း၊ ခြောက်မြို့နယ်၊ မဲဆန္ဒနယ်ထဲက NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနိုင်ရခဲ့တဲ့ ကော့မှူးမြိ့နယ်အပါအဝင် မင်္ဂလာတောင် ညွန့်၊ ဒဂုံဆိပ်ကမ်းမြို့နယ်သုံးခုမှာ ရွေးကောက်ပွဲရက်တွင်း ဥပဒေချိုးဖောက်ကာ မဲဆွယ်တာတွေကို တိုင်ထားပြီးဖြစ်တယ်လို့လည်း ဦးအောင်သိန်းလင်းက ပြောပါတယ်။ ဒီတော့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီကို တိုင်ကြား ချက်တွေမျိုး ကော်မရှင်က အကြောင်းကြားတာများရှိပါလားလို့ NLD NLD ပါတီကိုမေးကြည့်တော့ သူတို့ပါတီဆီ ဘာအကြောင်းကြားစာမှ ရောက်မလာသေးဘူးလို့လည်း ပြောပါတယ်။

ရွေးကောက်ပွဲ ဥပဒေအရတော့ ရွေးကောက်ပွဲတွင်း မဲရုံတွေက မသမာမှုတွေကို ရဲအရေးပိုင်တဲ့အမှုအဖြစ် တိုင်နိုင်သလို ဥပဒေချိုးဖောက်မှုနဲ့ တရားမဲ့ပြုကျင့်မှုတွေကိုတော့ တစ်မှုကို ငွေကျပ် ဆယ်သိန်းနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားသူက ၂၁ ရက်အတွင်း တိုင်ကြားရမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG