သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာစည်းလုံးရေးဆု ဒေါ်စုရရှိ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်နိုင်ငံက NAS UWT ဆရာများသမဂ္ဂက ဂုဏ်ပြုဆုတစ်ဆု ချီးမြှင့်လိုက် ပါတယ်။ အနာဂတ်မျှော်လင့်ချက်တွေအတွက် နမိတ်ပုံဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဒီဆုကို ပထမဆုံးအကြိမ်အဖြစ်နဲ့ ဖန်တီး ပေးခဲ့တာ ဖြစ်တယ်လို့ NAS UWT ဆရာများသမဂ္ဂက ပြောပါတယ်။ ဒီဆုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဗြိတိန်နိုင်ငံမှာ မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK အဖွဲ့တာဝန်ခံ မဇိုရာဖန်းက သောကြာနေ့မှာ လက်ခံရယူခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ဗြိတိန်နိုင်ငံ Birmingham မြို့က နိုင်ငံတကာ ကွန်ဗဲန်းရှင်းစင်တာ ICC မှာ ကျင်းပပြုလုပ်တဲ့ NAS UWT ဆရာများသမဂ္ဂရဲ့ ၂၀၁၂ ခုနှစ် နှစ်ပတ်လည် ညီလာခံမှာ သောကြာနေ့က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆုပေးအပ်ခဲ့တာလို့ ဆုကို ကိုယ်စားလက်ခံယူခဲ့တဲ့ Burma Campaign UK အဖွဲ့တာဝန်ခံ မဇိုရာဖန်းကပြောပါတယ်။

“ဒီကနေ့ UK မှာရှိတဲ့ Birmingham မြို့မှာ NAS UWT ဆိုတဲ့ ဆရာ ဆရာမများရဲ့ သမဂ္ဂက ဒေါ်အောင်ဆန်းစုကြည်ကို International Solidarity Award ဆုကိုပေးပါတယ်။ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုလုပ်ဆောင်ချက်တွေပေါ့နော်။ မြန်မာပြည်တပြည်လုံး အတွက် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ လွတ်မြောက်ရေးရနိုင်ဖို့ အတွက် သူ့ရဲ့လုပ်ဆောင်ချက်တွေကို ဒီသမဂ္ဂအဖွဲ့က ဂုဏ်ပြုတဲ့အနေနဲ့ အသိမှတ်ပြုတဲ့ အနေနဲ့ ပြီးတော့ ဒေါ်စုကို ဆက်ပြီးတော့ အားပေးချင်တဲ့အနေနဲ့ ဒီဆုကိုပေးတာဖြစ်ပါတယ်”

ဒီ ဆရာများသမဂ္ဂအဖွဲ့ကြီးဟာ ဗြိတိန်နိုင်ငံမှာသာမက ကမ္ဘာ့အလုပ်သမားသမဂ္ဂ အဖွဲ့များထဲမှာ သြဇာကြီးမားတဲ့ အဖွဲ့တဖွဲ့ဖြစ်ပါတယ်။ ဆရာများသမဂ္ဂအဖွဲ့ကြီးရဲ့ လက်ထောက် အထွေထွေအတွင်းရေးမှူး Tracy Twist က ဒီဆုကို ဒါ ပထမဆုံးအကြိမ် ဖန်တီးပေးအပ်ခဲ့တာလို့ VOA ကိုပြောပါတယ်။

“NAS UWT အဖွဲ့အနေနဲ့ ဒါမျိုးဆု တခါမှ မပေးဘူးသေးပါဘူး။ ဒီဆုမျိုး ဖန်တီးဖို့ ဆုံးဖြတ်ကြပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံး ပေးအပ်လိုက်တာပါ။ ပေးရတဲ့အကြောင်းရင်းကတော့ သူဟာ ကျမတို့မျှော်မှန်းထားတဲ့ အနာဂတ်အတွက် မျှော်လင့်ချက်ပြယုဂ်တခုပါ။ သူဟာ လွတ်လပ်ခွင့်၊ ကိုယ်မှန်တယ်ထင်တာကို ထုတ်ဖေါ်ပြောခွင့်၊ လွတ်လပ်တဲ့ သမဂ္ဂတွေ တည်ရှိရေးတွေအတွက် ကျမတို့ရဲ့ ရပ်တည် ချက်ကို အကောင်ထည်ဖော်နေသူမို့ပါ။ လွတ်လပ်မှုနဲ့ တရားမျှတမှုတွေရရှိဖို့ မဆုတ်မနစ်သန္နိဌာန်ချ ဦးဆောင်နိုင်တဲ့ သူ့လိုလူမျိုးကို ပေးဖို့ ရည်ရွယ်တဲ့ဆုပါ”

သူတို့အဖွဲ့အနေနဲ့ ဗြိတိန်နိုင်ငံမှာ ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်ကြရပေမယ့် မြန်မာနိုင်ငံက သမဂ္ဂအဖွဲ့တွေလောက် အဖိနှိပ်ခံရတာမျိုး မကြုံခဲ့ဘူး တာမို့ မြန်မာနိုင်ငံက အဖွဲ့တွေ စည်းစည်းလုံးလုံးနဲ့ ကိုယ့်ရပိုင်ခွင့်တွေ ရယူနိုင်အောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှုနဲ့ လုပ်ဆောင်နိုင် မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ဒီစည်းလုံးညီညွတ်တဲ့ဆု ပေးအပ်လိုက်တာကနေ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ တကယ့်အခြေနေမှန်တွေကို ကမ္ဘာက သိလာစေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် လွတ်လပ်တဲ့ ကမ္ဘာခြမ်းမှာရှိတဲ့ သမဂ္ဂတွေ သိလာမယ်ဆိုရင် မြန်မာနိုင်ငံက အခြေနေတွေ ကောင်းမွန်လာဖို့ ဝိုင်းဝန်း ဆောင်ရွက်လာနိုင်မှာပါ။”

မဇိုရာဖန်းဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ချီးမြှင့်တဲ့ဆုကို ကိုယ်စားတက်ရောက်ယူပေးခဲ့တာ အခုတကြိမ်ပါဆို လေးကြိမ်ရှိပါပြီ။ အခုလို ကိုယ်စားယူပေးရတဲ့အတွက် သိပ်ကို ဂုဏ်ယူတယ်လို့ပြောပါတယ်။

“တကယ်ပဲ ဒေါ်အောင်ဆန်းစုကြည်အတွက် ဝမ်းသာအားရမိပါတယ်။ ပြီးတော့ ဒေါ်စုအတွက်ကိုလည်း ကျမ အများကြီး ဂုဏ်ယူမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု မြန်မာပြည်တပြည်လုံးအတွက် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လုပ်ဆောင်နေတဲ့ အချိန်မှာ နိုင်ငံတကာရဲ့အသိမှတ်ပြုမှုတွေကို အများကြီးခံရတယ်ပေါ့နော်။ ပြီးတော့တဆက်တည်းမှာပဲ မြန်မာပြည်မှာရှိတဲ့ ပြည်သူလူထုတွေ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသလို နိုင်ငံတကာကလည်း ဒေါ်စုကို အများကြီးထောက်ခံ အားပေးနေတာကို ကျမတွေ့ နေရတယ်။ အဲဒါကြောင့် ဒေါ်စုအတွက်၊ မြန်မာပြည်တပြည်လုံးအတွက် ကျမဂုဏ်ယူမိပါတယ်”

NAS UWT ဆရာများသမဂ္ဂ အထွေထွေ အတွင်းရေးမှူး Christ Keates ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖိနှိပ်မှုတွေကို ငြိမ်းချမ်းစွာ ရင်ဆိုင်ဖြေရှင်းရာမှာ ကမ္ဘာမှာစံတင်ရသူတဦးဖြစ်ပြီး ဆရာများသမဂ္ဂရဲ့ဆောင်ပုဒ်ဖြစ်တဲ့ တရားမျှတမှု၊ ညီမျှမှုနဲ့သွေးစည်းညီညွတ်မှုကို ပုံဖော်ပေးတဲ့ ပြယုဂ်တခုဖြစ်တာမို့ နိုင်ငံတကာစည်းလုံးညီညွတ်မှုဆုအတွက် သူ့ကို ပထမဦးဆုံးပေးဖို့ အဖွဲ့ကြီးက ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

XS
SM
MD
LG