သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက်မျက်မှန် Google မိတ်ဆက်


အင်တာနက် ကုမ္ပဏီကြီးတခုဖြစ်တဲ့ Google က မကြာခင် အနာဂတ်မှာ တွေ့မြင်လာရမယ့် တီထွင် ဖန်တီးမှုတခုအဖြစ် Project Glass လို့ အမည်ပေးထားတဲ့ မျက်မှန် နည်းပညာအသစ်တခုကို ထုတ်ဖော်ပြသလိုက်ပါတယ်။ အသုံးပြုသူအနေနဲ့ အင်တာနက်နဲ့ ဆက်သွယ်ထားတဲ့ ခေတ်လွန်ပုံစံ မျက်မှန်သစ် တမျိုးကို နယူးယောက်မြို့မှာ ဒီတပတ်ထဲ ထုတ်ပြလိုက်တာပါ။

မျက်မှန်တပ်ထားသူဟာ လမ်းလျှောက်ရင်း အင်တာနက်ပေါ်မှာ Chatting စကားပြောလို့ ရမှာဖြစ်သလို မြေပုံလမ်းညွှန်တွေ၊ ကိုယ် သွားမယ့် မြေအောက်ရထားဘူတာ ပိတ်ထားသလား ဆိုတာကိုတောင် သိနိုင်မှာဖြစ်ပါတယ်။ မျက်မှန်နဲ့ ဓာတ်ပုံရိုက်ယူလို့ ရသလို အနီးအနားမှာ မိတ်ဆွေ သူငယ်ချင်းတွေ ရှိနေသလား ဆိုတာကိုလည်း ရှာဖွေပေးမှာပါ။

ကော်ဖီသောက်ချင်တယ်ဆိုရင်လည်း အနီးဆုံးဘယ်နေရာမှာရှိမလဲ ဆိုတာကို သိနိုင်ပါလိမ့်မယ်။ ဒါပေမဲ့လည်း မျက်မှန်သစ်ဟာ လတ်တလော စမ်းသပ်တဲ့ အဆင့်မှာပဲ ရှိနေသေးပြီး ဆိုင်တွေမှာ ဝယ်လို့တော့ မရသေးဘူးလို့ Google ကပြောပါတယ်။ ဒီမျက်မှန်ကို တခြား ဘယ်နေရာတွေမှာ သုံးလို့ ရဦးမလဲဆိုတာ လူတွေရဲ့ အကြံပေးချက်တွေကို လိုချင်တယ်လို့လည်း ပြောပါတယ်။

ဒီလိုပဲ လူတဦးချင်း လွတ်လပ်ခွင့် ထိခိုက်နိုင်တဲ့ အပိုင်းတွေ ရှိမရှိ၊ နည်းပညာကျွမ်းကျင်သူတွေရဲ့အမြင်တွေနဲ့ ပါဝါမျက်မှန် တပ်ဆင်ရသူတွေအတွက် မျက်မှန်သစ်ကို ဘယ်လိုသုံးလို့ ရနိုင်မလဲဆိုတာတွေကိုလည်း စဉ်းစားမယ်လို့ Google ကုမ္ပဏီက ပြောပါတယ်။

XS
SM
MD
LG