နိုင်ငံတကာအသိုင်းအ၀ိုင်းက ၀ိုင်းဝန်းပြစ်တင် ရှုတ်ချ နေတဲ့ ကြားကပဲ မြောက်ကိုရီးယားက ဒုံပျံးတစီး အာကာသထဲ လွှတ်တင်ရေး ပြင်ဆင်မှုတွေ ပြီးပြည့်စုံပြီလို့ ဒီကနေ့ တနင်္လာနေ့မှာ ကြေညာလိုက် ပါတယ်။ အဲဒီ ဒုံးပျံကို ကြာသပတေးနေ့ အစောဆုံး ထားပြီး လွှတ်တင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ မြောက် ကိုရီးယား အာကာသ ရေးရာ တာဝန်ရှိသူတွေက ပြော ဆို လိုက်တာပါ။
အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံကတော့ ဒီ ဒုံးပျံ လွှတ်တင်မယ့် အစီအစဉ်ဟာ အကြီးအကျယ် ရန်စ မှု ဖြစ်တာကြောင့် တောင်ကိုရီးယားကို ကာကွယ်ဖို့ အတွက် အမေရိကန်နဲ့ တောင်ကိုရီးယားအနေနဲ့ အခိုင်အမာ စိတ်ပိုင်းဖြတ် ထားတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနပြောခွင့်ရသူ Victoria Nuland က ပြောပါတယ်။
ဒေသတွင်းလုံခြုံရေးကို အန္တရာယ်ပြုခြိမ်းခြောက်နိုင် တာကြောင့် တာဝေးပစ် ဒုံးလက်နက် စမ်းသပ်တာတွေ မလုပ်ပါဘူးလို့ မကြာသေးခင်က တာဝန်ခံခဲ့တာနဲ့ အညီ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒါဟာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၁၈ နဲ့ ၁၈၇၄ ကိုချိုးဖေါက်တာလို့ အမေရိကန်အနေနဲ့ သဘော ထားကြောင်း၊ ဒါ့ကြောင့် ဒီအစီအစဉ် မသင့်တော်ဘူး ဆိုတာကို ဆက်လက် ထောက်ပြသွားမှာဖြစ်ကြောင်း Victoria Nuland က ပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး Susan Rice က လည်း မြောက်ကိုရီးယားရဲ့ ဒီ ဒုံးပျံ လွှတ်တင်မယ့် အစီအစဉ်ဟာ လုံခြုံကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်သလိုဖြစ်နေတာကြောင့် ဘယ်လို ပဲ့ထိန်းတပ် ဒုံးလက်နက်စမ်းသပ်တာမျိုးကိုမဆို တားမြစ်ရလိမ့်မယ် လို့ပြောပါတယ်။