သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံ


နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံအပြီး ရန်ကုန်လေဆိပ်တွင် သတင်းထောက်များနှင့်အတူ။ (ဧပြီလ ၁၁ ရက်၊ ၂၀၁၂။)
နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံအပြီး ရန်ကုန်လေဆိပ်တွင် သတင်းထောက်များနှင့်အတူ။ (ဧပြီလ ၁၁ ရက်၊ ၂၀၁၂။)

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ ဧပြီလ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့မနက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ လတ်တလော မှာတော့ ဆွေးနွေးမှု အပြည့်အစုံကို ၂ ဘက်စလုံးက သတင်းထုတ်ပြန်ခြင်း မရှိသေးပေမယ့် လွှတ်တော်ရဲ့ အခန်းကဏ္ဍနဲ့အတူ အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မယ့် ကဏ္ဍတွေကို ဆွေးနွေးတာ ဖြစ်မယ်ဆိုတဲ့ ခန့်မှန်း ချက်တွေလည်း ရှိနေပါတယ်။

ဒီသတင်းအပြည့်အစုံကိုတော့ မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။

ဧပြီလ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့ မနက် ၁၁ နာရီမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ နှစ်ဦး တစ်နာရီခွဲနီးပါးကြာ နေပြည်တော်မှာ သီးသန့်တွေ့ဆုံခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက် ၇ နာရီမှာ လေယာဉ်နဲ့ နေပြည်တော်ကို သွားခဲ့ပြီး နေ့လည်ပိုင်း ရန်ကုန်ကို ပြန်လာခဲ့တယ်လို့ ဒီခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။

“သမ္မတကြီးနဲ့ မနက် ၁၁ နာရီမှာ အမနဲ့တွေ့ပါတယ်။ အဲဒီကနေ ၁၂ နာရီ ၂၇ မိနစ်လောက်ထိအောင် ကြာပါတယ်။ သူတို့ နှစ်ယောက်တည်း ပြောပါတယ်။ ပြီးတော့ ဧည့်ဆောင်ကိုသွားပြီး နေ့လည်စာနဲ့ ဧည့်ခံပါတယ်။ တခြားသူတွေမပါပါဘူး။ သမ္မတကြီးနဲ့သမ္မကြီးကတော်ရယ်၊ အမရယ်ပါပဲ။ ကျနော်တို့က သပ်သပ် တစ်ပွဲပေါ့။ တခြားအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ပါမယ်လို့ ကျနော် ယူဆထားတာ။ တနာရီနှစ်ဆယ် လောက်မှာ အိမ်တော်ကနေ ပြန်ထွက်လာပြီးတော့ ရန်ကုန်ကို နှစ်နာရီလေးဆယ်လောက်မှာ ပြန်ရောက်ပါတယ်။”

ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးမှုအတွင်း ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေးကြတယ်ဆိုတာနဲ့ ပတ်သက်လို့ ခုချိန်အထိတော့ နှစ်ဘက် သတင်းထုတ်ပြန်ခြင်း မရှိသးပါဘူး။ ဒါပေမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အများစု အနိုင်ရထားတဲ့ NLD ပါတီဟာ မကြာခင် လွှတ်တော်ထဲ ရောက်လာတော့မှာမို့ ဒီတွေ့ဆုံမှုအတွင်းမှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍတွေ ပါဝင်နိုင်တယ်လို့လည်း ဦးခွန်သာမြင့်က ခန့်မှန်းပါတယ်။

“လွှတ်တော်ထဲကို ရောက်တော့မယ်ဆိုတော့ လွှတ်တော်ထဲက ကဏ္ဍနဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ အစိုးရရဲ့ ကဏ္ဍပေါ့- အဲဒီနှစ်ခုကို ပေါင်းစပ်ပြီးတော့ တိုင်းပြည်ကောင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ဆွေးနွေးမယ်လို့ ယူဆပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က ဒီကနေ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံကြတဲ့ အကြောင်းပြောပြခဲ့တာပါ။ ဒီခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုကို နေပြည်တော်အခြေစိုက် သတင်းသမားတွေ သတင်းယူခွင့် မရသလို ရန်ကုန်လေဆိပ်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ချိန်မှာလည်း တွေ့ဆုံမှုဟာ ကောင်းပါတယ်လို့သာ သတင်းသမားတွေကို ဖြေခဲ့ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြတာ ဒုတိယ အကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၁ သြဂုတ်လ ၁၉ ရက်နေ့က တစ်ကြိမ် တွေ့ဆုံခဲ့ဖူးပါတယ်။ ဧပြီလ တစ်ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာ ၄၅ နေရာမှာ ၄၄ နေရာကို ယှဉ်ပြိုင်ခဲ့တဲ့ NLD ပါတီဟာ ၄၃ နေရာအနိုင်ရခဲ့ပါတယ်။ လတ်တလောမှာ လွှတ်တော်အစည်းဝေးတွေ ရပ်နားထားပေမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ပြည်သူ့ လွှတ်တော်ဟာ တတိယအကြိမ် ပုံမှန်အစည်းအဝေးထဲက မပြီးပြတ်တဲ့ ကိစ္စတွေကို ပြန်ဆွေးဖို့ ရှိပြီး လွှတ်တော်အစည်းအဝေးကို NLD က ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ တဆက်တည်းပါပဲ ရွေးကောက်ပွဲ ကာလတွေအတွင်း NLD ပါတီကို ကူညီခဲ့ကြသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်ဘက် ရွေးကောက်ပွဲ စည်းရုံးရေးတွေမှာ သတင်းလိုက်ယူခဲ့ကြတဲ့ သတင်းသမားတချို့ကို ဖိတ်ပြီး ဒီကနေ့ည ညစာစားပွဲ တခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG