သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အမတ်တွေ လွှတ်တော်မှာ ကျမ်းသစ္စာဆိုရခက်


သမ္မတဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဧပြီ (၁၁) ရက်၊ ဗုဒ္ဓဟူးနေ့မနက်က နေပြည်တော်က သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးဟာ မနက် (၁၁) နာရီကနေ (၁၂) နာရီ (၂၇) မိနစ်အထိ တစ်နာရီခွဲနီးပါးကြာ သီးသန့် တွေ့ဆုံခဲ့ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလိုက်ပါသွားတဲ့ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်က ဗီအိုအေကို ပြောပါတယ်။ ဆွေးနွေးမှုအပြည့်အစုံကို နှစ်ဘက်စလုံးက သတင်း ထုတ်ပြန်ခြင်းမရှိပါဘူး။ လွှတ်တော်တွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ နိုင်ငံရဲ့အကျိုးစီးပွားတွေ ပူးပေါင်းဆောင်ရွက်ရေးတွေကို ဦးသိန်းစိန်နဲ့ ဒေါ် အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့ကြတယ်လို့ ဦးခွန်သာမြင့်က Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဧပြီ (၂၃) ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထအစည်းအဝေး စတင် ချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်နှစ်ရပ် ရွေးကောက်ခံ ကိုယ်စားလှယ်အသစ်တွေ ကျမ်းသစ္စာကျိန်ဆိုတဲ့ အခါ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ ရွတ်ဆိုကြဖို့ဟာ မဖြစ်နိုင်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။

ဒါပေမယ့် ဒီစာသားတွေ ကို အချိန်မီပြင်ဆင်ပေးရင် NLD ရဲ့ ရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်ကို တက်နိုင်မှာဖြစ်တယ်လို့လည်း ဦးဉာဏ်ဝင်းက Reuters သတင်း ဌာနကို ပြောဆိုခဲ့ပါတယ်။ NLD အနေနဲ့ အခုပြီးစီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ရောက်ရတဲ့ ရည်ရွယ်ချက် သုံးခုထဲမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဟာ တစ်ချက်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အတိအလင်း ကြေညာခဲ့တာဖြစ်ပါတယ်။

မနေ့က တွေ့ဆုံပွဲအပြီးမှာ သမ္မတဦးသိန်းစိန်နဲ့ ဇနီး ဒေါ်ခင်ခင်ဝင်းတို့က ဒေါ်အောင်ဆန်းစုကြည်ကို နေ့လည်စာနဲ့ တည်ခင်းဧည့်ခံခဲ့ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က နေ့လည်ပိုင်းမှာ နေပြည်တော်ကနေ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာလာခဲ့ပါတယ်။

XS
SM
MD
LG